Saturday, May 18, 2013

" အညာသား "


အမေ.........
တစ်မြေတည်းကဖွား
တစ်ဆန်တည်းကိုပဲစားလို့
တစ်ရေကိုပဲ သောက်ခဲ့ကြသူတွေမို့
သွေးမရင်းပေမယ့်
မွေးချင်းတွေလိုသူတို့က
ကျွန်တော့်အတွက် ညီအစ်ကိုလိုပေါ့ အမေ။

လူဆိုးလေးတွေ အမေ
မြာပွေချင် ပွေတယ်
အရက်သောက် မှောက်ချင်မှောက်တယ်
ကွမ်းစား ထွေးချင်ရာထွေးတယ်
အလုပ် လာချင်တဲ့အခါ လာတယ်
ဒါပေမဲ့......
သူတို့ကို ကျွန်တော် ခင်ပါတယ်အမေ။

နေပူကြီးထဲမှာလေ
ချွေးတွေထွက် အားကုန်ဖျော
ပြီးရင် ရယ်ရယ်မောမောနဲ့
အတောမသတ်တဲ့ အပြုံးတွေလှစ်
ဖုန်းအသစ်တွေ ဟိုကလိ သည်ကလိ
(ဘယ်လိုပဲနေနေ)
သူတို့ရင်ထဲမှာတော့ မြန်မာပြည်ကိုပဲ သိတယ်အမေ။

လစာထွက်တဲ့အခါ
စုမိတာလေး အိမ်ပြန်ပို့
အမေ့ဖို့ အဖေ့ဖို့
ညီလေးဖို့ ညီမလေးဖို့
.......ဖို့........ဖို့.........ဖို့နဲ့
သူတို့ဖို့က စင်ကာပူမှာပဲရှိ
ဘာလဲသိလား အမေ
ပူနေတဲ့ နေရယ်
ကျနေတဲ့ ချွေးရယ်
မြန်မာပြည်ကို လွမ်းတဲ့စိတ်ရယ်
အဖေအမေနဲ့ မိသားစုကို သတိရမှုရယ်
အဲဒါတွေပဲ သူတို့ဖို့ပါ အမေ။

လူတွေကထင်တယ်
စင်ကာပူမှာ အလုပ်ရငွေဝင်
ကြည့်စမ်း....သူတို့ အဆင်ပြေနေလိုက်တာများ
အိမ်မှာ ပစ္စည်းတွေပွားတက်လို့
ရေစက်နဲ့ ဆိုင်ကယ်
ဒီထက်ပို အဆင်ပြေတယ်ဆို
အိမ်ကလေး  ကားကလေးတွေ ၀ယ်လို့။

အဆင်ပြေလားလို့ အမေက မေးတဲ့အခါ
သားအဆင်ပြေတယ် အမေ၊ စိတ်မပူနဲ့လို့ပြော
( ဒါပေမဲ့...)
သူတို့ ဘယ်လောက်မောတယ်ဆိုတာ
ကျွန်တော်ကိုယ်တိုင် ခံစားသိတယ် အမေ
ကျွန်တော်လည်း ဒီလိုပဲ ပြောခဲ့ဖူးတာပဲလေ။

နေပူထဲမှာ လုပ်ရလည်း
အဲကွန်းခန်းထဲမှာ လုပ်ရသလို သဘောထား
အမေစိတ်မကောင်း ဖြစ်သွားမှာ တွေးပူလို့
ဖေးကူသူမရှိတဲ့ ဘ၀တွေကြား
ချွေးအတူတူကျခဲ့ရတာ ကျွန်တော်နဲ့ သူတို့ပေါ့အမေ။

အဆင်ပြေလားဆိုတဲ့ မေးခွန်းတွေ အပ်ကြောင်းထပ်အောင်လာတော့
အဆင်မပြေတာလည်း အဆင်ပြေပါတယ် သဘောထား
အဆင်ပြေတာလည်း အဆင်ပြေသလို ခံစားရင်း
မြန်မာပြည်က မိသားစုတွေပျော်ရင်
မှန်မှန်မှားမှား ညာချင်ညာမယ်
( အမေရယ်.....နိုင်ငံခြားမှာ.......)
လူညာလေးတွေ အမြဲအဆင်ပြေနေကြပါတယ်။           ။

သားလတ်
၂၁း၀၄ နာရီ
၁၈.၅.၂၀၁၃

[ ကျွန်တော်နှင့် အလုပ်အတူ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုများသို့]

Friday, May 10, 2013

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၁၀ )


+         သင်္ခါရက ပညာပြတဲ့အခါ လူ့လောကထဲက ထွက်ခွာသွားရတယ်။ ရှစ်နှစ်ဆိုတာ ကိုငှက်နဲ့ ပတ်သက်ရင် ကျွန်တော်တို့အတွက် ဘာမျှ မကြာသေးပါဘူး။ ကျွန်တော့်ရင်ထဲမှာ ထူးအိမ်သင်ရှိတယ်။ ကျွန်တော့်နှလုံးသားမှာ သူ့အနုပညာတွေရှိတယ်။ ကျွန်တော့်နားမှာ သူ့သီချင်းသံတွေ ကြားနေတုန်းပဲ။ ဆုတောင်းတိုင်းသာ ပြည့်ခွင့်ရမယ်ဆိုရင် ကိုငှက်ကို လူ့လောကထဲ တစ်ခါပြန်လာခိုင်းချင်တယ်။ ပြီးတော့ ကိုငှက်ကို ဂစ်တာတီးခိုင်းပြီး ကျွန်တော်က သူ့သီချင်းတွေကို သူ့ရှေ့မှာဆိုပြချင်တယ်။
အခုတော့.....
အစ်ကို့ရဲ့ ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့်မှာ အစ်ကိုနဲ့ပတ်သက်တဲ့ ပို့စ်တစ်ပုဒ် ကောင်းကောင်း တင်နိုင်အောင် ကျွန်တော် ကြိုးစားကြည့်ချင်တယ်။ နောက်ကျပေမယ့် အကောင်းဆုံးဖြစ်အောင်တော့ ကျွန်တော်ရေးကြည့်ချင်တယ်။ ကျွန်တော်ချစ်တဲ့ထူးအိမ်သင်အတွက်ပါ။ ( ဩဂုတ်လ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်)



+    လူတွေအားလုံးက ငွေနောက်လိုက်နေကြသည်။ ကျွန်တော်လည်းပါသည်။ ဘယ်တော့ရပ်သွားမလဲ မသိ။ ရပ်လို့လည်းမရ။ ကိုယ်ကရပ်လိုက်သည်နှင့် ကိုယ့်နောက်ကို ဒုက္ခတချို့ကလည်း ကပ်လိုက်လာ လိမ့်မည်ကို သိနေသည်။ ခက်သည်က ငွေနောက်လိုက်နေရင်း ပေးဆပ်လိုက်ရသည်က များနေသည်။ အဝေးက ဇနီးသည်နှင့် မိဘများ၊ ညီအစ်ကိုများနှင့်အဝေးမှာ ကျွန်တော်ငွေရှာနေရသည်က ပိုခက်သည်။ သည်နေ့ ဘာသာရေးနေ့မို့ စင်ကာပူမှာ အလုပ်တွေပိတ်ကြသည်။ တနင်္ဂနွေကို အများပြည်သူ ပိတ်ရက် သွားထပ်၍ မနက်ဖြန် တနင်္လာကိုပါ ဆက်ပိတ်ပေးသည်။ သို့သော် အဝေးက ငွေလာရှာရသော ကျွန်တော်က ကံကောင်းသည်လား၊ ကံမကောင်းသည်လားမသိ။ နှစ်ရက်တိတိ နားမည်အားခဲကာမှ ထိုနှစ်ရက်စလုံး အလုပ်ဆင်းရတော့သည်။ တာဝန်အရကို မသွားလို့ကိုမဖြစ်တော့။ သည်တော့ သည်နေ့ တနင်္ဂနွေညနေမှာ စက်မှုတက္ကသိုလ်က အရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်၏မွေးနေ့ ဖိတ်ထားမှုကိုလည်း မသွားနိုင်။ ညီအစ်ကိုလိုခင်ခဲ့သူများက ဂစ်တာစုတီးမည်ဆိုသော နေရာကိုလည်း ခြေဦး မလှည့်နိုင်။ ကိုယ့်ကျန်းမာရေးအတွက် အားကိုခြွေတာရဦးမည်မဟုတ်လား။ တစ်ဖက် ကလည်း ငွေနောက်ကို လိုက်ရခြင်းအတွက် လူမှုရေးတွေ၊ အားလပ်ချိန်တွေ ဘယ်နှစ်ကြိမ်များ ဆုံးရှုံးခဲ့ပြီလဲမသိဟုသာ ပြန်စဉ်းစား နေမိသည်။ ( ဩဂုတ်လ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်)

+      တစ်နေ့က လက်ကမ်းကြော်ငြာ စာရွက်လေးတစ်ရွက် ရပါတယ်။ Your pain checklist တဲ့။ အမယ်။ သူ့စာတွေဖတ်ကြည့်မှ ကိုယ့်ဘာသာ အဲဒီလောက် နာရကောင်းမှန်းတောင် မသိဘူးဖြစ်နေတယ်။ ကြည့်ဦးလေ။ လည်ပင်းနာ၊ ပုခုံးနာ၊ ကျောအောက်ပိုင်းနာ၊ ဒူးနာ၊ လက်ကောက်ဝတ်နာ၊ ကျောအပေါ်ပိုင်းနာ၊ ခါးဆစ်နာ၊ ကလေးကျောရိုးနာ၊ တင်ပါးဆုံနာ၊ ကိုယ်ဝန်ဆောင်ခါးနာ၊ တံတောင်ဆစ်နာ၊ အဆစ်နာ၊ ကြွက်သားနာ၊ ခြေဖ၀ါးနဲ့ ဖနောင့်နာ၊ ခြေကျင်းဝတ်နာ၊ ဦးခေါင်းကိုက်ခဲနာ။ စုံလို့ဗျာ။ အဲဒါကို စစ်ပေးတာတဲ့။ Checklist တောင်ပါသေး။ ကျွန်တော်က ဘေးကင်းရေး စစ်နေတော့ လုပ်ကွက်ထဲ စစ်နေကျChecklist တွေထဲ ဒီလိုChecklist မပါလို့ တော်ပါသေးလားလို့ တောင်ထင်မိတယ်။ သူ့ကြော်ငြာ ဖတ်ပြီးမှ ကိုယ်တောင် ဟိုနားနာချင်သလိုလို၊ ဒီနားနာချင်သလိုလို ဖြစ်မိသေး။ ( ဩဂုတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်)

+       ရှေ့ကနှစ်ပွဲမှာ အသင်းငယ်တွေနှင့် ကစားသွားပုံကိုကြည့်ပြီး နာမည်ကြီးဂျာနယ်ကြီးကလည်း သူတို့မန်ယူသာ သည်တစ်ပတ်နိုင်မည်။ လီဗာပူးကိုဖြင့် အာဆင်နယ်မနိုင်နိုင်ဟု ဆိုထားသည်။ ယခုလိုကျတော့လည်း ကိုယ့်အသင်းကကောင်းသားဟု အာကြီးကို စိတ်ပူမိသည့်ကြားက ကြံဖန် ဂုဏ်ယူချင်သေးသည်။ ဂျာနယ်ဆိုတော့လည်း ပရိသတ်များသည့်ဘက်ကို ဘက်လိုက်ရေးမှ ရောင်းကောင်းမှာဖြစ်၍ သူတို့ စကားကို ဗွေယူလို့မရ ဆိုသည်ကို သဘောတော့ပေါက်ထားသည်။ တကယ်တော့ ဂျာနယ်မှာခန့်မှန်းရေးခြင်းသည် မှန်မှန်မမှန်မှန် ရမ်း၍တုတ်ခွင့်ရှိသည်ဆိုသော မူဝါဒကိုလက်ကိုင် ထား၍ ရေးနေခြင်းဖြစ်သော်လည်း ကိုယ့်ဂျာနယ်ဖတ်ပရိသတ် အကြိုက်များသောအသင်းသာ နိုင်ရမည် ဟူသော အတွေးမျိုးရှိနေလျှင် ခန့်မှန်းမရေးသင့်။ တော်တော်များများက ထိုခန့်မှန်းများကို ကြည့်ပြီး လောင်းနေကြတာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သည်ညမှာ အာဆင်နယ်က လီဗာပူးကိုနိုင်သွားသည်။ ကိုယ့်ဂိုးမပွင့်သေးသော်ငြား သူများဂိုးထဲကို သည်ပွဲကျမှ နှစ်ဂိုးတောင် သွင်းနိုင်ခြင်းက ပိုပြီးကျေနပ်စရာ ကောင်းသည်။ သွင်းသွားသူများကလည်း အသစ်စက်စက် ၀ယ်ထားသူများ။ ကိုယ်သာဂျာနယ်သမားဆို " ကြိုးကြာနီအတောင်ကျိုးအောင် ပစ်လိုက်သော အမြှောက်တပ်သားများ " ဆိုသော စာသားများတင်ပြီး ဂျာနယ်ဖတ်သူအကြိုက် လုပ်ပစ်လိုက်မှာ သေချာသည်။ ( စက်တင်ဘာလ ၂ ရက်၊ ၂၀၁၂ ခုနှစ်)

+          စင်ကာပူက သူငယ်ချင်းတွေ။ တကယ်လို့Construction Site တွေမှာ အလုပ်လုပ်ရင် သတိထားဖို့နှစ်ခု ပြောချင်ပါတယ်။ တစ်ခုက စလုံးဟာ သူငယ်ချင်းတို့သိတဲ့အတိုင်း ပူရင်အရမ်းပူပါတယ်။ တလောက MOMကနေ ကျွန်တော်တို့ Main Contractor ဆီကိုစာပို့ပါတယ်။ Heat Stress အတွက် ကြိုတင်ကာကွယ်ဖို့ နည်းလမ်းတွေပါ။ ဒီတော့ အပူတအားမြင့်တာ သိသာပါတယ်။ Siteမှာလုပ်သူတွေ ရေများများသောက်၊ အရိပ်မှာနား၊ အိမ်မှာကောင်းကောင်းအနားယူဖို့လိုပါမယ်။
နောက်တစ်ခုက မိုးကြိုးပါ။ နေအရမ်းပူပြီးရင် စလုံးမှာ မိုးရွာရင် မိုးကြိုးက အရမ်းကြမ်းပါတယ်။ Main Land လို့ခေါ်တဲ့ စင်ကာပူကျွန်းပေါ်မှာတော့ မသိပါဘူး။ ကျွန်တော်အလုပ်လုပ်တဲ့ ဘူကုန်းမှာ ပြီးခဲ့တဲ့ သောကြာနေ့က မိုးကြိုးတွေ မတရားပစ်ပါတယ်။ နှစ်ချက်ထိပါတယ်။ တစ်ချက်က Training Centre ကိုထိပြီး နောက်တစ်ချက်ကတော့ ဓာတ်တိုင်ကိုပါ။ ဒီတော့ Lightning Alert ဆိုရင် အဲဒီစသိတဲ့အချိန်ကစလို့ အပြင်ကိုလုံးဝမထွက်ဘဲ မိမိရောက်နေတဲ့ Shelter သို့မဟုတ် အမိုးရှိရာမှာ ခိုနေပါ။ Siteထဲမှာဆို မိုးကြိုးက ပိုပစ်လွယ်ပါတယ်။ ကွင်းပြင်တွေများရင် ပိုဆိုးပါတယ်။ တချို့ ပြောတဲ့ Lightning Protection System ကနေ ၄၀ဒီဂရီ၊ ဒါမှမဟုတ် ၄၅ဒီဂရီအကွာအတွင်း အန္တရာယ်ကင်းတယ်ဆိုတာ မသေချာပါဘူးလို့ Shell Safety တစ်ယောက်က ပြောထားပါတယ်။ စလုံးမှာ Lightning Alert ကို အကောင်းဆုံးစနစ်ရှိတာExxon Mobileပါ။ Shell က အခုသုံးပေမယ့် နည်းနည်းနောက်ကျပါတယ်။ အပြင် Construction Site တွေကတော့ မရှိလောက်ပါဘူး။ ဒီတော့ကိုယ်လုပ်နေတဲ့နေရာက ကွင်းပြင်ဖြစ်ပြီး မိုးရိပ်ရှိလာပြီဆို သတိသာထားပါတော့။ စလုံးမှာ အလုပ်လုပ်နေကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေအတွက် စလုံးရာသီဥတုနဲ့ ဖြစ်တတ်တဲ့အန္တရာယ်တွေကို သတိပေးလိုက်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေက အင်ဂျင်နီယာတွေများလို့ပါ။
(စက်တင်ဘာလ ၃ ရက်၊ ၂၀၁၂ ခုနှစ်)

+             တစ်နေ့က ဘတ်စ်ကားစီးပြီးအပြန်မှာ ကားပေါ်မှာ မိသားစုတစ်စုကို တွေ့သည်။ တော်ရုံဆို သည်မိသားစုအကြောင်း ပြောစရာမရှိ။ ယခုက ယောက်ျားဖြစ်သူက ဘာစီလိုနာဂျာစီဝတ်ထားချိန်မှာ မိန်းမဖြစ်သူက အာဆင်နယ်ဂျာစီကို ၀တ်ထားသည်။ ဆိုင်လားမဆိုင်လားတော့ မသိ။ အာဆင်နယ် ကစားသမား တော်တော်များများကို သည်ဘက်ခေတ်မှာ ဘာစီလိုနာကို ချရောင်းနေမှုသည်၊ သည်လင်မယားလို တစ်ခုခု ဆက်နွယ်ပတ်သက်နေ၍လား မဆိုနိုင်။ ပြော၍မရ။ အာဆင်နယ်နှင့် ဘာစီ လိုနာသည် ကစားပုံချင်းက ခပ်ဆင်ဆင်။ ဘောလုံးကို မြေမှာသာစေစား၍ ကစားကြသော အသင်းများ။ ဘောလုံးကိုင်ကစားကြသည်။ ပြီးတော့ အပေးအယူက ကောင်း၏။ သည်လင်မယားကိုကြည့်တော့လည်း အပေးအယူမျှမည့်ပုံ။ အာဆင်နယ်နှင့် ဘာစီလိုနာကို ကြိုက်သလို သည်လင်မယား အားကစားအင်္ကျီ ၀တ်ထားတာကြည့်ပြီး သဘောကျမိပါသေးသည်(စက်တင်ဘာလ ၄ ရက်၊ ၂၀၁၂ ခုနှစ်)

ဆူးသစ်
၂၃း၁၀ နာရီ
၁၀.၅.၂၀၁၃

Saturday, May 4, 2013

" လူသစ်ပင် "

 မျိုးစေ့
ရှင်သန်ကြီးထွားလာတဲ့ နေ့တစ်နေ့မှာ
ပျိုးထောင်သူတွေရင်ထဲ ၀မ်းသာရ
အဲဒီမှာ သစ်ပင်ရဲ့ဘ၀စတယ်။

အစို့အညှောင့်ကလေးပဲဆိုဆို
နုပျိုလို့ကောင်းဆဲအချိန်
အရောင်ကသစ်ထိန်စိမ်း
လေတိုက်ရာလိုက်ပါယိမ်းနွဲ့
(အဲဒီအချိန်) အမြစ်က လမ်းချဲ့တယ်။

ရေလောင်းချင်လောင်း
နေပေါင်းချင်ပေါင်း
မြေကောင်းချင်ကောင်း
ရသရွေ့တိုးထွက်
အပေါ်ဘက် အောက်ဘက်
စိမ်းလို့ရတဲ့ဘက် စိမ်း
ယိမ်းလို့ရတဲ့ဘက် ယိမ်း
တိမ်းမူးဖွယ်ရာသဘာဝ
သစ်ပင်ရဲ့အလှလို့ဆိုမလား။

နုထွားသန်မာ
ဝေဖြာခက်ပွင့်
ထုဆစ်ရင့်မှန်
ရာသီဒဏ်ကိုကျော်ဖြတ်
သစ်တစ်ပင်မားမားရပ်တဲ့အခါ..........။

' သစ်တစ်ပင်ကောင်း
ငှက်တစ်သောင်းနားရ' သတဲ့
ငှက်တွေ အတောင်ညောင်းရင်
သစ်ပင်ကရင်ဖွင့်ကြိုတယ်။
လူတွေ မောပန်းတဲ့အခါ
အရိပ်ဖြာလို့ကြိုတယ်။
ယုံကြည်မှုတွေလွန်ကဲလာရင်
နတ်စင်လည်း ပေးဆောက်တယ်။
သဒ္ဓါတရားတွေ ထက်သန်လာရင်
ရေအိုးစင်လည်း တည်နိုင်သေးတယ်။

နောက်ဆုံး.....
သုံးစရာထင်းမရှိရင်တောင်
သစ်ပင်က သူ့အသားကိုချိုင်ခွင့်ပေးတယ်။

တစ်ပင်လုံးခုတ်
အမြစ်ထုတ်ယူ
သစ်ပင်လိုလူသား
ကျွန်တော့်နှလုံးသားကရှင်သန်
မမြင်ရတဲ့မနက်ဖြန်မှာတောင်
အရိပ်ဖြာစိမ်းလန်းနေဦးမယ်
စိတ်မှာငြိမ်းချမ်းနေဦးမယ်။             ။

သားလတ်
၂၃း၂၈ နာရီ
၃.၄.၂၀၁၃

Wednesday, May 1, 2013

" ကျွန်တော်နှင့် အင်တာနက် အလန်းများ " (၄)



" မျောနေတဲ့ လေပြည်ကြားမှာ.........မတ်တတ်ရပ်ရင်း အပေါ့တွေသွား......
မိုးတိမ်ကို မော့ကြည့်တော့.........စာကလေးက ချီးပါချ
ကမ်းခြေက အမှိုက်တွေပွ........အမှိုက်ကားကို လွမ်းနေရ
အနံ့ဆိုးများ ခုန်ပေါက်ပြေးဆော့........ပတ်ဝန်းကျင်မှာ အကျည်းတန်သွား
အရင်ကဆို ဒီညလို......မီးက ခဏခဏ မပျက်ပါဘူး
သိပ်ဝမ်းနည်းစရာ ကောင်းတာတစ်ခုက......ငါ့မှာ ဖယောင်းတိုင် မရှိတော့ဘူး
မလာတော့ဘူး ဆိုရင်လည်း မင်းစိတ်ကြိုက်သာ လုပ်ပါ လုပ်ပါ
ဒီလိုနဲ့ ညတွေအားလုံး လွတ်ခဲ့ရတဲ့ တရုတ်ကား များစွာ........"

ကျွန်တော် သည်သီချင်းကို ကြားဖူးသည်။ တော်တော် ရင်းရင်းနှီးနှီး ရှိနေသည်။ နောက်မှ သတိရသည်။ စိုင်းစိုင်းခမ်းလှိုင်၏ 'အချစ်သို့ရှုံးနိမ့်ခြင်း' ဆိုသောသီချင်း။ ကျွန်တော်လည်း ကြိုက်သည်။ ယခုက စိုင်းစိုင်းခမ်းလှိုင် မဟုတ်။ စိုင်းစိုင်းခမ်းလှိုင်ကို တုပြီး ဆိုနေသည့် သာဂိ။ ကျွန်တော့် အချစ်တော် သာဂိ။

ရွာက ရွာဦးစေတီ ထီးတော်တင်ပွဲမှာ သာဂိ မိုက်ကိုင်ပြီး မိုက်ခဲလုပ်နေသည်ကို ဗွီဒီယိုမှတ်တမ်း တင်ထားပြီး Facebook မှာ ပြန်တင်ထားတာ ဖြစ်သည်။ သူက Rapper တွေလို စတိုင်ကျကျ ၀တ်ထားသေးသည်။ ပြီးတော့ ဘောင်းဘီခွကိုလည်း တကိုင်ကိုင် လုပ်နေသေး၏။ မောလျှင် ရေဘူးကြီး အကြီးကြီး တစ်ဘူးကို ကိုင်ကာ ရေသောက်သေးသည်။ အောက်က ရွာသူရွာသားများက သူ့ကို ကြည့်ပြီး ပြုံးကြသည်။

" မဟုတ်ပါဘူး.....မရှုပ်ပါဘူး......မယုတ်မာဘူး........မင်းထင်သလို မလုပ်ပါဘူး.......ရှိတာတစ်ခုကို ထုတ်ကာပြမယ်.........ခြောက်လက်မလောက် မကပါဘူး......"

စိုင်းစိုင်းခမ်းလှိုင် ကြားလျှင် ကိုယ့်ကိုယ်ကို သတ်သေ သွားနိုင်သည်။ " ကောင်မလေး ကြိုက်တယ် ဆိုပြီးတော့ " သီချင်းထဲက စာသားသည် သာဂိနှင့် အတွေ့မှာ အဓိပ္ပါယ်တွေက လွဲကုန်သည်။ " ခြောက်လက်မလောက် မကပါဘူး " ဆိုပြီး ကြံချောင်းတစ်ချောင်းကို ထုတ်ပြသည်။ ရွာသားများ လက်ခုပ်တီးကြ၏။

ပြီးတော့ စိုင်းစိုင်းခမ်းလှိုင်၏ နာမည်ကြီး သီချင်း " ၀မ်းနည်းမှတ်တမ်း " ကို ဆိုထားပုံက လန်းသည်။

" အဲဒီနေ့က မိုးမရွာ........ငါ့မှာလည်း ပုဆိုးမပါ " တဲ့။

ကျွန်တော် မနေနိုင်တော့။ သာဂိ အွန်လိုင်းတက်လာလျှင် တွေ့လျှင်ခေါ်ပါဟု မှာထားလိုက်သည်။ သိပ်မကြာလိုက်။ သာဂိ ကျွန်တော့်ကို အွန်လိုင်းကနေ တွေ့ချင်ကြောင်း စာပြန်လာသည်။ သည်လိုနှင့် G-talk မှာ ကျွန်တော်တို့ ဆုံကြ၏။

" အစ်ကို-ဘာပြောစရာရှိလို့လဲဟင် "

" မင်း သီချင်းဆိုတာ သဘောကျလို့ပါ။ အဲဒါ စိုင်းစိုင်းခမ်းလှိုင် သီချင်းတွေ မဟုတ်လား။ မင်းပြန်ခံစား တာလား "

" ဟုတ်တယ် အစ်ကို။ ကျွန်တော် ကြိုက်လို့။ ဘာလဲ။ မကောင်းလို့လား "

" မဟုတ်ပါဘူးကွာ။ မင်းထည့်ထားတဲ့ စာသားတွေ လန်းလွန်းလို့ပါ "

" ကျေးဇူးတင်ပါတယ် အစ်ကိုရာ။ အစ်ကိုကသာ လန်းတယ် ပြောနေတာ။ ကျွန်တော် ဆိုနေတုန်း ကျွန်တော့်ရွာက လူတွေက စင်အောက်ကနေ သောက်ရေအိုးကြီး ထိုးပေးလိုပေးနဲ့ "

ကျွန်တော် နားမလည်။

" ဘာဖြစ်လို့လဲ "

" ကျွန်တော်က Rapper တွေလို ရေဘူးနဲ့ ရေသောက်တာ။ အဲဒီနေ့က ဘူးသေးဝယ်တာ ကုန်နေလို့ မထူးဘူး ဆိုပြီး နှစ်ဆယ်လီတာ ဘူးကို ရေလျှော့ပြီး စင်ပေါ်တင်ထားတာ။ အဲဒါ ရွာသူရွာသားတွေက ရေ အဲဒီလောက် ဆာနေရင် ဒီမှာဟေ့ ဆိုပြီး ဘုန်းကြီးကျောင်းက သောက်ရေအိုး၊ သဲအိုးဗျာ။ အဲဒါကြီး စင်အောက်ကနေ လှမ်းပေးလို့။ သီချင်း မြန်မြန် ရပ်လိုက်ရတယ် "

ကျွန်တော် ရယ်နေမိ၏။ သာဂိလည်း လိုက်ရယ်သည်။ မင်းကတော့ လုပ်တော့မယ် ဟု ကျွန်တော်ပြောတော့ သူဆက်ရယ်နေသည်။

" ဒါနဲ့ မင်းက သီချင်း စာသားထည့်တာတော့ ရသားပဲ။ မင်း အဆိုတော်ပိုး ၀င်နေပြီလား "

" ဒီဘက်ခေတ်က ပိုက်ဆံရှိရင် အကုန်လုပ်လို့ ရတဲ့ခေတ်ကို အစ်ကိုရ။ ကျွန်တော် စဉ်းစားနေတာ။ ခွေထုတ် မလားလို့ "

ဒါတော့ သာဂိ အတင့်ရဲလွန်းသည် ထင်သည်။ သည်ဘက်ခေတ်မှာ စီးရီး အခွေတစ်ခွေ ထွက်ဖို့ ဆိုသည်မှာ တော်ရုံ သတ္တိနှင့် မရ။ ခိုးကူးတွေက ပေါမှပေါ။ သီချင်းကလည်း ပေါက်ဦးမှ။

" မင်းတကယ် ၀ါသနာပါရင်တော့ မတားပါဘူးကွာ။ မင်းအိမ်ကရော၊ ဘာပြောလဲ "

" အိမ်ကတော့ ကျွန်တော်ဝါသနာ ပါရင် လုပ်တဲ့။ ငွေက သူတို့ရှာနိုင်တယ်လေ "

သာဂိ ကံကောင်းလေစွ ဟု ကျွန်တော်ထင်သည်။ ဘာမျှတော့ မဝေဖန်ဖြစ်။

" ကျွန်တော် လုပ်ဖြစ်ရင် အစ်ကို့ကို သတင်းပေးမယ်လေ။ ဘာပဲဖြစ်ဖြစ် အစ်ကိုက ကျွန်တော့်ကို ကောင်းတာလေးတွေ ထောက်ပြနေကျ ဆိုတော့ ကျွန်တော် မသင့်တော်တာ လုပ်ရင်လည်း ပြောပြပေးနော် အစ်ကို "

" အေးပါကွာ။ စိတ်ချပါ သာဂိရာ။ ငါလည်း မင်းကို ခင်နေတော့ မင်းကို မကောင်းတာတွေ မဖြစ်စေချင်လို့ပါ"

" ကျွန်တော် နားလည်ပါတယ် အစ်ကို "

သည်လိုနှင့် သာဂိနှင့် ကျွန်တော် စကားစဖြတ်ကာ ရပ်ခဲ့ကြ၏။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

" လင်းတ အတောင်ကျိုး "

ဟိုက်-ဘာကြီးလဲဟ ဟုတွေးပြီး Facebook ပေါ်က သီချင်းခွေ ကြော်ငြာကို ကျွန်တော် ဖတ်မိသည်။ အဆိုတော် နာမည်ကြည့်တော့ ဖန်ဂေါ်လီ တဲ့။ သီချင်းအခွေနှင့် သီချင်းဆိုသူ နာမည်များက ကျွန်တော့်အတွက် ဆန်းလွန်းနေသည်။ တော်တော်ကို ဆန်းသည်ဟုကို ဆိုရမည်။ တစ်ခါမှကို မကြားဖူးသော နာမည်များ။

" အစ်ကို-ကျွန်တော် သီချင်းခွေထွက်ပြီ။ အခွေနာမည်က 'လင်းတ အတောင်ကျိုး' တဲ့။ ကျွန်တော့်ရဲ့ အဆိုတော် နာမည်က 'ဖန်ဂေါ်လီ' ပါ။ အစ်ကို နားထောင်ပြီး ဝေဖန်ပေးပါဦး။ ကျွန်တော် လူကြုံရှိရင် စင်ကာပူကို စီဒီ လှမ်းပို့လိုက်မယ်နော် "

ကျွန်တော့် G-talk မှာ မက်ဆေ့ခ်ျ လာထားသွားသည်က သာဂိ။ ကျွန်တော် မျက်လုံးပြူးသွားသည်။ ဘာတွေမှန်းကို မသိ။ စတွေ့စက အံ့အားသင့်ခဲ့ရသော အခွေနှင့် အဆိုတော် နာမည်သည်ကား ကျွန်တော့်ညီငယ်လို ခင်သည့် သာဂိ ဖြစ်နေပါတကား။

" လင်းစမ်းပါဦး မင်းနာမည် နဲ့ အခွေ "

အွန်လိုင်းမှာ တစ်ရက်ဆုံတော့ သာဂိကို ကျွန်တော် မေးရသည်။

" ကျွန်တော် ထင်ပါတယ်။ အစ်ကို မေးတော့မယ် ဆိုတာ။ ကျွန်တော် စာနယ်ဇင်း ရှင်းလင်းပွဲ လုပ်မလို့ အစ်ကို။ အဲဒီကျရင် အကုန် ထုတ်ပြောပါမယ် "

သာဂိသည်ကား ကျွန်တော့်ကိုပင် အခွေ လျှို့ဝှက်ချက် ပြောချင်ပုံမရ။ စာနယ်ဇင်းကို ပေးသိပြီးမှ သိစေဆိုသော သဘောနှင့် ထိန်ချန်ထားသည်။ ကျွန်တော်နားလည်ပါသည်။ သူက ငွေနှင့် ရင်းထားရသည်ကိုး။

သည်လိုနှင့် သာဂိ၏ အခွေ စာနယ်ဇင်း ရှင်းလင်းပွဲ လုပ်ပါတော့သည်။

" ကျွန်တော်တို့က မော်ဒန်ခေတ်ထဲမှာတောင် မကတော့ပါဘူး။ ပို့စ်မော်ဒန်ခေတ်ကို ရောက်လာပါပြီ။ ကျွန်တော်တို့ရဲ့ ဂီတအမျိုးအစားတွေကလည်း ပြောင်းလဲလာပြီဆိုတော့ အခွေနာမည်နဲ့ အဆိုတော် နာမည်တွေကို ဆန်းသစ်အောင် ပေးခဲ့တာပါ။ အခွေနာမည်ကို အရင် ရှင်းပြပါမယ်။ လင်းတ ဆိုတာ လူသေမှ စားဖို့စောင့်တဲ့ငှက်မျိုးတွေပါ။ အဲဒီလိုပဲ ချစ်သူဆီက အချစ်ကို သူသေတဲ့အထိ မရမချင်း စောင့်မယ်၊ အဲဒီလို စောင့်နေရင်းမှာတောင် သူ့ဘ၀က သေတဲ့အထိ ချစ်သူရဲ့ အကြင်နာကို မရလိုက်ဘူး ဆိုတဲ့ သဘောကို အတောင်ကျိုးတယ်လို့ တင်စားရင်း အဲဒီ အကြောင်းတွေကို ရေးဖွဲ့ထားတဲ့ သီချင်းကို ' လင်းတ အတောင်ကျိုး ' လို့ ပေးထားတာပါ။ ကျွန်တော် ကိုယ်တိုင် ရေးထားတာပါ ခင်ဗျာ "

စာနယ်ဇင်းများက သဘောကျသွားဟန်ဖြင့် လက်ခုပ်တီးကြသည်။

" အဆိုတော် နာမည်ကိုရော ဘယ်လိုရွေးပါသလဲခင်ဗျာ "

" ဒါက ဒီလိုပါ။ ဖန်ဂေါ်လီ ဆိုတော့ လိမ့်တယ်ပေါ့ခင်ဗျာ။ ဘယ်ကို လိမ့်မှာလဲ ဆိုတော့ လူကြားထဲကို လိမ့်မယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့ ခင်ဗျာ။ ကျွန်တော့်သီချင်းခွေကို ပေါက်စေချင်တဲ့ သဘောနဲ့ ပေးထားတာပါ။ ကျွန်တော်တို့ ရွာဦးကျောင်းက ဆရာတော် သေသေချာချာ တွက်ချက်ပြီးကို ပေးထားတာပါ ခင်ဗျာ "

သာဂိကား သဘောရိုးလှ၏။ သူပြောချင်တာ စွတ်ရွတ်ပြောနေတော့သည်။ လူရှေ့သူရှေ့ ဟန်ဆောင် ဖုံးကွယ်ရခြင်းကို သာဂိ မသိ။

သည်လိုနှင့် သာဂိ အခွေထွက်လို့လာ၏။ သီချင်းက စုံသည်။ မြူးသည်။ လင်းတ အတောင်ကျိုး သီချင်းက တော်တော် ပေါက်သည်။ ဟစ်ထနေ၏။ ဖန်ဂေါ်လီ သည် ပရိသတ်ကြားသို့ တကယ်လိမ့်ချေပြီ။ ကျွန်တော် ၀မ်းသာမိသည်။ အင်တာနက်မှာ သူ့သီချင်းများက ပျံ့နှံ့လွန်းနေသည်။ သာဂိတို့ တကယ်လန်းချေပြီ။

သို့သော် တစ်ခုတော့ ကျွန်တော် သတိထားမိသည်။ သာဂိ သီချင်းများကို အမျိုးအစား ခွဲခြားရခက်သည်။ သူက မြန်မာ့ဆိုင်းလို အသံတွေကို ရောချင်ရောသည်။ ရက်ပ်ပါတွေလို ရက်ပ်စစ်စစ်တွေလည်း မဟုတ်။ ပေါ့ပ်လား ဆိုလည်း ပေါ့ပ်စစ်စစ်တွေ မဟုတ်ပြန်။ သည်ကြားထဲ သူ့သီချင်းများကို နောက်ကနေ ကြားဖြတ် လိုက်ဆိုပေးသည့် ချာတိတ်တစ်ယောက်က တစ်မျိုး။ သူတို့အခေါ် Featuring ဟု ဆိုသည်။

ထိုချာတိတ်က အဆိုတော် ထူးအိမ်သင်ကိုပင် လုံးဝ သုံးမရသည့် အဆိုတော်လို စာနယ်ဇင်းတွေ ရှေ့မှာ ပြောသေးသည်။ ဒါကို သာဂိ မသိသည်ပဲလား။ သိသိနှင့် တမင်လွှတ်ပေး သည်ပဲလား မပြောတတ်။ သို့သော် ဖန်ဂေါ်လီကတော့ တော်တော် အောင်မြင်၏။

ဗွီစီဒီ ထွက်လာတော့ သာဂိကို ကျွန်တော် မျက်စိနောက်အောင် မြင်ရသည်။ သာဂိသည်ကား တချို့သီချင်းများမှာ မလိုအပ်ဘဲ ကောင်မလေးများနှင့် တွဲကာ နိုင်ငံခြားက လိင်ဖော်ပြမှု အသားပေးကားများလို သရုပ်ဆောင်သေးသည်။ သာဂိ၏ ခန္ဓာကိုယ်မှာ နဂိုကပင် ပုကွကွနှင့် ဖြစ်ကာ လူက ပိုလည်း ပိန်လာရာ ကြည့်ရသည်မှာ ဖန်ဂေါ်လီသည် ဖန်ဂေါ်လီနှင့် မတူ။ ခွေးပစ်သည့် တုတ်ပုံ ပေါက်နေသည်ဟု သူ့အခွေကြည့်ဖူးသူများက ဆိုကြ၏။ ပြီးတော့ နိုင်ငံခြား ပုံစံ အကမျိုးနှင့် သာဂိက ကောင်မလေး တစ်ယောက်၊ နှစ်ယောက်နှင့် ကသည်။ အုပ်စုလိုက် ကသည်။

သာဂိက ရံဖန်ရံခါ၌ ပဲများသေးသည်။ သူက စိုင်းစိုင်းခမ်းလှိုင်ကိုလည်း သဘောကျသည် ထင်သည်။ စိုင်းစိုင်းခမ်းလှိုင်က " စိတ်ကူးယဉ် အနမ်းများနဲ့"  သီချင်းကို ရှိုးဆိုသည့်အခါ မဆိုခင် " ကျွန်တော် ......ကျွန်တော်....ကျွန်တော်....ကျောင်း...ကျောင်း...ဟို...ကျွန်တော် UFLဆိုတဲ့ ကျောင်းကို သွားတက်တယ်။ အဲဒီတုန်းက အတန်းထဲမှာ ရေးထားတဲ့ သီချင်းလေးတစ်ပုဒ်ကို ကျွန်တော် ဆိုပြချင်ပါတယ်" ဆိုပြီး ပရိသတ်ကို ပြောသည်။ ဒါကို သာဂိက အတုခိုးကာ ပြောသည်က ကြည့်ဦး။

"ကျွန်တော်......ကျွန်တော်......ကျွန်တော်.....ကျောင်း....ကျောင်း........ဟို.....ကျွန်တော်........ခေမာသီဝံဆိုတဲ့ ဘုန်းကြီးကျောင်းကို သွားတက်တယ်။ အဲဒီတုန်းက ဘုန်းကြီးကျောင်းဝင်းထဲက ငှက်ပျောပင်တွေ ကြားမှာ ရေးထားတဲ့ သီချင်းလေး တစ်ပုဒ်ကို ကျွန်တော် ဆိုပြချင်ပါတယ် " ဆိုပြီး စင်ပေါ်ကနေ ဆိုပါတော့သည်။ သူ့ပရိသတ်ကလည်း လက်ခုပ်တီး၏။ ဟုတ်တော့လည်း ဟုတ်သည်။ သာဂိက UFL ကို သိတာမှ မဟုတ်တာ။ ရွာက ဘုန်းကြီးကျောင်းသာ သိသည်လေ။ ဘာပဲဖြစ်ဖြစ် စင်အောက် က ကောင်မလေးများက ဟေးဆိုပြီး လက်ခုပ်တီးသည်။ ပြီးရော။

ကျွန်တော်ကတော့ ကိုယ်နှင့် ခင်သူတစ်ဦး အောင်မြင်နေသည်ကို ၀မ်းသာမိသည်။ အချိန်တန်လျှင် ပရိသတ်က အဆုံးအဖြတ် ပေးသွားလိမ့်မည်ဟုသာ တွက်ထားလိုက်၏။

xxxxxxxxxxxxxxxxxxxxxxxxxxx

" စောက်ရမ်း မိုက်တယ်ဗျာ "

ဟာ-ခနဲ ကျွန်တော့်နှုတ်က လွှတ်ခနဲ ထွက်သွားသည်။ မထွက်ခံနိုင်ရိုးလား။ သာဂိတစ်ယောက် စင်ပေါ်မှာ ပရိသတ်ကို ဖျော်ဖြေနေစဉ် ပရိသတ်ကို ပြောလိုက်သည့် စကားက စလုံးကြီး ထည့်သုံးထားသည့် စကား။ ကျွန်တော်တို့တစ်တွေ သူငယ်ချင်း အချင်းချင်းကြားပြောလျှင် အရမ်းမိုက်တယ်၊ နည်းနည်း ကြမ်းမှ သောက်ရမ်းမိုက်တယ် စသည်ဖြင့် ပြောလေ့ ရှိသည့် စကားကို သာဂိက စင်ပေါ်တက်တက်ချင်း ပရိသတ်က သူ့နာမည်အော်သည်နှင့် ထိုသို့ ပြောချလိုက်တာဖြစ်သည်။

အောင်မြင်မှုမှာ သာဂိ ယစ်မူးသွားသည်လား။ သူကိုယ်တိုင် အမှန်နှင့် အမှားကို မသိလေသလား။ ထို စောက်ရမ်း မိုက်တယ် ဆိုသော စကားကို သာဂိ ခဏခဏ သုံးနေလေတော့သည်။ သူ့ အခွေကို ကြည့်ပြီး ကျွန်တော် သူ့ကို အကြံပြုသင့်သည်ဟု တွေးမိလာစေသည်။

သာဂိက သင်္ကြန်မှာလည်း တစ်နိုင်ငံလုံး လွှင့်နေသည့် ရုပ်သံလိုင်းပေါ်မှာ ပရိသတ်ကို ဖျော်ဖြေနေသည့် စတိတ်ရှိုးတွင် အားရပါးရနှင့် ' စောက်ရမ်းမိုက်တယ် '  ဆိုသော စကားကို ပရိသတ်ထံ တရဟော လွှတ်နေပြန်သည်။ ပြီးတော့ လက်ခုပ်သံလေး ကြားချင်တယ်ဗျာ ဆိုကာ ပရိသတ်ဆီက လက်ခုပ်သံကို တောင်းယူလေသည်။ ပရိသတ်ကလည်း သာဂိ လုပ်သမျှ လောလောဆယ်မှာ အကောင်းချည်းသာ။ စန်းပေကိုး။ ကျွန်တော်ကတော့ အင်တာနက်ကနေ သာဂိ၏ လှုပ်ရှားမှု မှန်သမျှ သိနေ၊ မြင်နေ၊ ကြားနေရပေသည်။

" မင်းအားတဲ့ အချိန် ငါနဲ့ စကားပြောရအောင် အွန်လိုင်းမှာ ချိန်းလိုက်ကွာ "

ကျွန်တော် သူ့ကို မက်ဆေ့ခ်ျ ၀င်ရေးထားခဲ့ပြီး သိပ်မကြာခင်မှာ သာဂိ ကျွန်တော့်ကို ဆက်သွယ်လာလေသည်။

" အစ်ကို့မှာ ပြောစရာ ရှိလာပြီထင်တယ် "

" သိပ်ရှိတာပေါ့ကွာ။ မင်း စင်ပေါ်မှာ အောင်မြင်နေတာ ငါတော်တော် ၀မ်းသာတယ် သာဂိ။ ဒါပေမဲ့ မင်းပြောဆိုနေတဲ့ တချို့စကားလုံးတွေက လူရှေ့သူရှေ့မှာဆို အရမ်းရိုင်းနေလို့ မင်းပြင်ရအောင် ငါပြောပြ ချင်လို့ပါ "

" ခင်ဗျာ- ကျွန်တော် ပြောတဲ့အထဲမှာ။ ဟုတ်လို့လား အစ်ကို။ ကျွန်တော် ဘာများ မှားပြောမိလို့လဲဟင်။ ပြီးတော့ ဘယ်စကားလုံးက ရိုင်းတာလဲ အစ်ကို "

သွားပြီ။ သာဂိ တကယ်မသိသော စကားလုံး တစ်လုံးကို သုံးနေလေပြီ။ သူ့ဘာသာ ခင်ရာမင်ရာလူများ၊ သူငယ်ချင်းများရှေ့ သုံးသည်က ပြဿနာ မရှိသော်လည်း ယခု သာဂိသုံးနေသည်က သူ့ကို ထမင်းကျွေးနေသော ပရိသတ်ရှေ့မှာ။

" အစ်ကို မင်းကို အပြစ်တင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြောသင့်တာတော့ ပြောရမယ်။ နာတော့ မနာနဲ့ကွာ။ မင်းတို့ ဒီဘက်ခေတ် လူငယ်တော်တော်များများက လုပ်ချင်တာတော့ လုပ်ကြတယ်။ ဒါပေမဲ့ မလေ့လာဘူး။ နာမည်ကြီးဖို့ပဲ စိတ်ဝင်စားတယ်။ စာမဖတ်ဘူး။ ယဉ်ကျေးမှုဆိုတာကို နားမလည်ဘူး။ လူ့စည်းကမ်းဆိုတာကို မသိဘူး "

" အစ်ကို ပြောရင်လည်း ခံရမှာပါပဲ အစ်ကိုရာ။ ကျွန်တော်ဆိုလည်း သီချင်းဆိုပြီး နာမည်ကြီးချင်တာပဲ သိတာ။ ဒါနဲ့ ကျွန်တော် ဘာမှားနေတာလဲ အစ်ကို "

သာဂိကို ကျွန်တော်ခင်ပါသည်။ သူသည် အရိုးခံ ဖြစ်သည်။ သူပျော်ချင်တာ၊ သူလုပ်ချင်တာပဲ သိသည်။ မှားသည်၊ မှန်သည်ကို မသိ။ သာဂိသည် ယနေ့ခေတ် လူငယ်များ၏ ပုံရိပ်တစ်ခုလို ဖြစ်နေသည်ဟု ကျွန်တော် တွေးမိသည်။

" မင်း ယဉ်ကျေးမှု ဆိုတဲ့ စကားလုံးကို သိလား "

" ကျွန်တော် ကြားရုံပဲ ကြားဖူးတာလေ အစ်ကိုရာ။ အဓိပ္ပါယ်တော့ အတိအကျကြီး မသိပါဘူး "

"အစ်ကို ဖတ်ဖူးတာ ပြောပြမယ်။ မြန်မာ အဘိဓာန်မှာပါတာပါ။ ယဉ်ကျေးမှု ဆိုတာ သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသော လူမှု အဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်း တည်ရှိလာသော ဓလေ့ထုံးတမ်း လို့ ဆိုထားတယ်။ အဲဒီတော့ အစ်ကိုတို့ မြန်မာတွေ အစဉ်အဆက် ထိန်းသိမ်းခဲ့တဲ့ ဓလေ့ထုံးတမ်းကို အစ်ကိုတို့ ဆက်ထိန်းမှ ယဉ်ကျေးမှု မြောက်တယ် "

" ဟုတ်ကဲ့ အစ်ကို။ အခုမှ ယဉ်ကျေးမှုဆိုတာ ဘာလဲ သိတော့တယ်။ ဟဲ........ဟဲ "

" ဆိုလိုတာကကွာ၊ တို့မြန်မာလူမျိုးဆိုတာ လုံလုံခြုံခြုံ ၀တ်တတ်တယ်။ မောင်နဲ့နှမ၊ သားနဲ့ အမိ သင့်တော်ပြီး ကြည့်ကောင်းတာမျိုး ၀တ်တတ်၊ နေတတ်၊ စားတတ်ကြတယ်။ အဲဒီလို ထိန်းသိမ်းလာရာကနေ ၀တ်ချင်တာဝတ်၊ လုပ်ချင်တာလုပ်၊ မိဘမောင်နှမချင်းတောင် မျက်စိရှက်စရာ လုပ်လာပြီဆို အဲဒါ ယဉ်ကျေးမှု ပျက်လာတာပဲကွ "

သာဂိ ငြိမ်၍ နားထောင်နေသည်။

" ပြီးတော့ သူများ ထမင်းစားတဲ့နားမှာ အိမ်သာတက်တာ၊ အပေါ့သွားတာ အဲဒီစကားမျိုးတွေ ခဏခဏ မပြောမိဖို့ လိုတယ်။ အဲဒါလည်း ယဉ်ကျေးမှုပဲ။ အဲဒါနဲ့ ပတ်သက်လို့ ဆရာကြီး ပီမိုးနင်း ပြောထားတာ မှတ်သားစရာ ကောင်းတယ် "

" ဘာပြောထားတာလဲ အစ်ကို "

" လူရှေ့သူရှေ့ ကုန်းသွားတာ၊ ကွသွားတာ၊ လက်အုပ်ချီတာ၊ ဖိနပ်ချွတ်တာ အဲဒါတွေက ယဉ်ကျေးတယ်လို့ မဆိုလိုပါဘူးတဲ့။ လူအချင်းချင်း စိတ်မချမ်းသာအောင်၊ မခံချိအောင်၊ အခံသာအောင် မလုပ်တာ၊ မိမိအတွက် တစ်ပါးသူမှာ ၀န်လေးမှု မဖြစ်စေတာ၊ သူတစ်ပါးကို အနှောင့်အယှက် မပြုတာ၊ ကိုယ်ချင်းစာစိတ်ရှိတာကိုပဲ ယဉ်ကျေးခြင်းလို့ ခေါ်တာတဲ့။ ဘယ်လောက် မှတ်သားဖို့ကောင်းလဲ "

" ဟာ-အဲဒါတော့ မှန်တယ်ဗျ။ နော်-အစ်ကို "

" အေးလေ-မင်းစဉ်းစားကြည့်။ ကိုယ်ထင်တာ ကိုယ်လုပ်ပြီး ပတ်ဝန်းကျင် စိတ်ဆင်းရဲနေရင် အဲဒီလူကို မယဉ်ကျေးဘူးလို့ လူတွေ ပြောတတ်ကြတယ်။ အဲဒီ အဓိပ္ပါယ်ပဲ "

" အစ်ကို။ ကျွန်တော် ဘာများ မှားနေသလဲဗျာ။ ရင်ထိတ်လိုက်တာ "

ဒါတွေကြောင့် သာဂိကို ကျွန်တော် မဆိုးဘူးဟု သိနေတာ ဖြစ်သည်။ သာဂိမှာ နားဝင် လွယ်သောစိတ်၊ ကောင်းတာကို ယူလိုသောစိတ်၊ အမှားကို အမှားဟု မြင်သောစိတ်၊ ပြင်လိုသောစိတ် များ ရှိနေသည်ကို ကျွန်တော် သိသည်။

" မင်းက ပရိသတ်ကို စင်ပေါ်ကနေ ဘယ်လိုပြောလဲ။ သူတို့ မင်းသီချင်းကို လိုက်ဆို၊ အားပေး၊ လက်ခုပ်တီးကြရင်လေ "

သာဂိ စဉ်းစားနေသည်။ ပြီးမှ တစ်လုံးချင်းပြော၏။

" ဟား......ကျွန်တော် သိပြီ။ စောက်ရမ်းမိုက်တယ် လို့ပြောတာ။ အဲဒါ မှားလား အစ်ကို "

" ရိုင်းတာ။ မှားရုံတင် မကဘူး။ ရိုင်းတာ။ မင်းနားလည်လား။ စောက် ဆိုတာ ဘာလဲလို့။ မင်းသိလား "

" မသိဘူး အစ်ကို။ ကျွန်တော့်လို အဆိုတော် တချို့လည်း သုံးနေတာပဲ။ မိန်းကလေး အဆိုတော်တွေတောင် သုံးကြတယ် "

" အေးလေ။ အဲဒါကြောင့် မင်းတို့ နောက်လူငယ်တွေ စာမဖတ်ဘူးပြောတာ။ မနာနဲ့ဦး။ မင်းတို့၊ သူတို့ရဲ့ မိဘတွေကလည်း မဆုံးမကြတာလား၊ မင်းတို့ကပဲ ငါထင်သလို ပြောရင်ရတယ်လို့ ထင်နေတာလားတော့ မသိဘူး "

" ကျွန်တော်က မသိတာပါ အစ်ကိုရာ။ အစ်ကိုပြောမှ ကျွန်တော့် မိဘတွေတောင် အားနာသွားပါပြီ "

" အမှန်က မင်းတို့ လေ့လာသင့်တယ်။ မသိရင် မသုံးနဲ့ပေါ့။ ဘာဖြစ်လဲ။ ပရိသတ် ချစ်အောင် ပြောတာလည်း ဒီပါးစပ်ပဲ။ မုန်းအောင် ပြောတာလည်း ဒီပါးစပ်ပဲ။ အခုဟာက ပရိသတ်က ဘယ်လိုဖြစ်နေသလဲဆိုတော့ မင်းတို့ကို အားလည်းပေးရသေး။ မင်းတို့ ပြောသမျှ၊ ဆိုသမျှလည်း ခံရသေး။ အဲဒါကြာရင် မင်းတို့ ကျရှုံးတဲ့နေ့ အမြန်ရောက်လာမှာပဲ "

" ကျွန်တော် ပြင်ပါ့မယ် အစ်ကို။ အဲဒီ စောက်က ဘာကိုပြောတာလဲ အစ်ကို "

" မသေမချင်း မှတ်ထား။ စောက် ဆိုတာ မိန်းကလေးတွေရဲ့ မအပ်မရာကို ခေါ်တာ "

" ဟာဗျာ။ ကျွန်တော် တကယ်မသိလို့ပါ။ သွားပါပြီဗျာ။ ကျွန်တော့် ပရိသတ်ကို ကျွန်တော် ပြန်တောင်းပန် ပါ့မယ် "

" မင်းစဉ်းစားကြည့် သာဂိ။ မင်းတို့က စင်ပေါ်တက်ပြီး စောက်ရမ်းမိုက်တယ်၊ စောက်ရမ်းမိုက်တယ်နဲ့။ ပရိသတ်ကို ဆဲနေသလိုပဲ။ ဒီကြားထဲ အဆိုတော် ကောင်မလေးတွေကပါ ပါးစပ်အရသာခံ သုံးနေတယ်။ စဉ်းစားဦး။ သူတို့ဆို ပိုဆိုးသွားပြီ။ စင်ပေါ်တက်ပြီး ကျွန်မကတော့ ဒီလိုပါ။ ကျွန်မအနေအထားက ဒီလိုရှိပါတယ်လို့ ဘယ်သူမှ မမေးဘဲ တက်ကြေညာနေသလိုပဲ "

" ဟုတ်ပ အစ်ကိုရာ။ အစ်ကိုပြောမှ သူတို့က ပိုဆိုးတာပေါ့နော်။ ဟဲ.......ဟဲ "

သာဂိက သူ့အပြစ်သူ ကာသလို ပြောနေသေးသည်။ နောက်က ရယ်သံက ခပ်အဲ့အဲ့ ပါလာသေး၏။

" ဟို နယ်လှည့်ကနေတဲ့ လူရွှင်တော်တချို့လည်း ပါသေးတယ်။ သူတို့ ဗွီစီဒီထွက်လာတော့ ကြည့်လိုက်တာ စောက်ကျိုးနည်းတို့၊ စောက်ရူးတို့ကို တွင်တွင်သုံးတာ။ အခုဟာက အဲဒီလို ပြောရတာကိုပဲ တော်တော် အားရတယ်၊ ကောင်းတယ်လို့ ထင်နေကြတာကိုး။ တကယ်တော့ အရမ်း ဆိုတဲ့ စကားလုံးကိုတောင် သုံးတဲ့နေရာမှာ အဓိပ္ပါယ်ရှိတယ် "

" ဟာ-အဲဒီလိုလား။ ဘယ်လို အဓိပ္ပါယ်လဲ အစ်ကို "

" အရမ်း ဆိုတာ နောက်က မင်းပြောချင်တဲ့ အကြောင်းအရာက မကောင်းတဲ့ အကြောင်းအရာဖြစ်ရမယ်။ အဲဒီလို နေရာမှာ သုံးတာလို့ သံဃာတော်တစ်ပါး ရေးထားတာ ငါဖတ်ဖူးတယ်။ ဥပမာကွာ-ထမင်းက အရမ်းသိုးနေပြီတို့၊ အရမ်း ညစ်ပတ်တာပဲတို့။ အဲဒါမျိုးမှာ သုံးတာ။ စွတ်ရွတ် မသုံးရဘူး။ တို့မြန်မာစကားက တချို့နေရာတွေမှာ အဓိပ္ပါယ်က တော်တော် လေးနက်တယ် "

" ကျွန်တော် နားလည်ပြီအစ်ကို။ ဆင်ခြင်ပါ့မယ်ဗျာ "

" မင်းစဉ်းစားကြည့်။ တစ်ခါက ဂျပန်နိုင်ငံမှာ လုပ်တဲ့ စတိတ်ရှိုးပွဲ တစ်ပွဲမှာ Guns and Roses အဖွဲ့လို့ အစ်ကိုထင်တယ်။ တိုကျိုမှာ လုပ်တဲ့ စတိတ်ရှိုးမှာ စစချင်း Fuck You Tokyo လို့ အော်ပြီး နှုတ်ဆက်လိုက်တယ်။ ဘာလဲတော့ မသိဘူး။ သူတို့ကတော့ ဆန်းအောင် လုပ်တာနေမှာ။ ဒါပေမဲ့ ပရိသတ်က ကြောင်သွားတယ်။ ဟုတ်တယ်လေ။ အရှေ့တိုင်းနဲ့ အနောက်တိုင်း တူမှမတူတာ။ အဲဒါက နှုတ်ဆက်တာ ဆိုရင်တောင် ပရိသတ်ကို နှုတ်ဆက်တဲ့ အဲဒီနှုတ်ဆက်ပုံမျိုးကတော့ ဆင်ခြင်သင့်တယ်။ အစ်ကိုတို့ဆီမှာဆိုရင်တော့ ဘယ်လိုဖြစ်မယ် မပြောတတ်ဘူး။ အစ်ကို ပြောချင်တာက စကားဆိုတာ လူရှေ့သူရှေ့ပြောရင် ဆင်ခြင်သင့်တယ် ဆိုတာပါ။ Rocker ကြီးတွေဆို ဗန်းစကားလောက်ပဲ သုံးတယ်။ မင်း သတိထားကြည့်။ ရေရေလည်လည် မိုက်တယ်ဗျာတို့၊ ဘာတို့ လောက်ပဲ။ သောက်ရမ်း မိုက်တယ်လို့တောင် မပြောဘူး။ အစ်ကိုတို့ စာရေးသူတွေ ဆိုလည်း စလုံးနေရာမှာ သောက်ပဲ ထည့်ရေးကြရတာ။ အဲဒီလောက်အထိကို အဲဒီစကားလုံးက ကြမ်းတမ်းပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ် ကောင်မလေးတချို့ပါ အဲဒီ စလုံးကို ပြောရတာ တော်တော် ကြိုက်နေပြီလေ။ အစ်ကိုဆို ဖြတ်သွားဖြတ်လာ နေရာတွေမှာ ကောင်မလေး ငယ်ငယ်လေးတွေ ပြောနေတဲ့ စောက်ရေး မပါဘူး ဆိုတာကိုပါ ခဏခဏ ကြားနေရတယ်။ စိတ်မကောင်း စရာပဲကွာ။ ယဉ်ကျေးမှု အဆင့်နိမ့်လာတဲ့ သဘောပဲ ထင်ပါရဲ့ "

" ကျွန်တော် တော်တော် သဘောပေါက်ပါပြီ အစ်ကိုရယ်။ အစ်ကို ပြောပြလို့သာ ဒါတွေက ဒီလို ရှိပါလား သိတာ။ နောက်မို့ဆိုလည်း သိမှာ မဟုတ်ပါဘူး။ အစ်ကို့ကို ကျေးဇူးတင်ပါတယ်။ ရှေ့လထဲ ကျွန်တော် ရွာပြန်ဦးမယ် အစ်ကို။ ကျွန်တော်တို့ရွာ ဘုရားပွဲမှာ ဆရာတော်က ကျွန်တော့်ကို သီချင်းလာဆိုပါ ဆိုလို့ ကျွန်တော့်ရွာကို ကျေးဇူးဆပ်တဲ့ အနေနဲ့ သွားဆိုမလို့ပါ "

" ကောင်းတယ်။ ၀မ်းသာတယ်ကွာ။ မင်းတို့ အနုပညာသမားဆိုတာ နေတတ်၊ ထိုင်တတ်ရင် ငွေရသလို ကုသိုလ်လည်း ရပါတယ်ကွာ။ မနေတတ်၊ မထိုင်တတ်ရင်တော့ ငွေရပေမယ့် အကုသိုလ်လည်း များသားလား။ ကြည့်နေပေါ့ကွာ။ အစ်ကို ပြောတာတွေလည်း မင်းကြိုက်မှလုပ်၊ လက်ခံမှ လုပ်ပါ။ မင်းလည်း ဆင်ခြင်တတ်တာပဲလေ "

ပြောပြီး ကျွန်တော် စကားစ ဖြတ်တော့ သာဂိ ကျွန်တော့်ကို နှုတ်ဆက်၍ Log out လုပ်သွားလေသည်။

xxxxxxxxxxxxxxxxxxxxxxxxxxx

နောက်တစ်လလောက် အကြာတွင် Facebook ပေါ်မှာ သာဂိ၏ ဓာတ်ပုံများကို သတင်းထောက် တစ်ယောက် တင်ထားသည်ကို ကျွန်တော် တွေ့လိုက်ရသည်။ မျက်နှာ တစ်ခုလုံး ဖူးယောင်နေ၏။ ဆရာတော်တစ်ပါးက ကြိမ်လုံး အကြီးကြီးဖြင့် ချိန်ရွယ်နေပုံလည်း ပါ၏။ ကျွန်တော် သာဂိကို အမြန်ဆက်သွယ်ရန် ကြိုးစားရလေတော့သည်။

" သာဂိ......မင်း ဘာဖြစ်နေတာလဲ "

" အစ်ကို။ ကျွန်တော့် ပုံတွေ ကြည့်ပြီးပြီထင်တယ် "

" အေးလေ။ ကြည့်မကောင်းဘူးကွာ။ ဘာတွေလဲ "

" ကျွန်တော် ရွာမှာ သီချင်း သွားဆိုတယ်လေ။ ဘုရားပွဲမှာ "

" ဪ-အေး။ မင်းငါ့ကို ပြောခဲ့တာလေ "

" အဲဒီမှာ ကျွန်တော်နဲ့အတူ ဆိုဖို့ အဆိုတော် ကောင်မလေးတွေလည်း လိုက်လာတယ်။ သူတို့က စင်ပေါ်မှာဗျာ။ အစ်ကိုပြောတဲ့စကားနဲ့ ပြောရရင် ပရိသတ်ရှေ့ မပြောသင့်တာတွေ ထုတ်ပြောတာ "

" ဘာတွေ ပြောလို့လဲ "

" သူတို့ သီချင်းထဲမှာကို ပါနေတာ အစ်ကိုရ။ အမေပေးတဲ့ လယ်တစ်ကွက်တို့။ ပြည့်တန်ဆာမကို အရပ်ထဲမှာ ခေါ်တဲ့ အခေါ်တို့။ အဲဒါတွေကို သူတို့က သီချင်းထဲ ထည့်ဆိုတာ။ ပထမ သူတို့ကကြေညာတယ်။ သီချင်း အသစ်ပါတဲ့။ ကျွန်တော်လည်း နားမထောင်ဖူးတော့ အဲဒီ စာသားတွေ ပါမယ်ဆိုတာ မသိဘူးလေ။ ဖြစ်ချင်တော့ သူတို့ သီချင်းမှာ အဲဒီစာသားတွေ ပါလာရော။ အဲဒီမှာ ကျွန်တော်တို့ ရွာက လူတွေက ဘုန်းကြီးကျောင်းက ဘုရားပွဲမှာ ဒါတွေ ဆိုရမလားဆိုပြီး တင်းလာရော။ ကျွန်တော် ထိန်းထားသေးတယ်။ ပိုဆိုးတာက သူတို့က ဆိုပြီးတော့ သူတို့ကို ရိုင်းတယ်လို့ ထင်ချင်ထင်နိုင်ပါတယ်တဲ့။ ဒါပေမဲ့ အဲဒါတွေက အမှန်တွေပါတဲ့။ ပရိသတ်က ပိုပြီး တင်းနေပြီ။ ဖြစ်ချင်တော့ နောက်တက်လာတဲ့ အဆိုတော် ကောင်မလေးတွေက နားမလည်၊ ပါးမလည်နဲ့ ပရိသတ်ကြီး ချစ်ဖို့ကောင်းတယ် ဆိုပြီး ချုပ်ပါလေရော။ ဒါပေမဲ့ အဲဒီလို ချုပ်တာက တော်သေးတယ်။ သူတို့က သူတို့ အရှိန် သူတို့ မရပ်နိုင်ဘူး။ ပရိသတ်ကြီးက စောက်ရမ်းမိုက်တယ်လည်း လုပ်ရော ခဲနဲ့ထုတာဗျာ။ ကျွန်တော် ထွက်တားတော့ ကျွန်တော့်ကိုပါ မှန်တာပေါ့။ နောက်ဆုံး ကျွန်တော့် အမျိုးတွေ ၀င်တားမှ ရတော့တာ "

" တော်သေးတာပေါ့။ အဲဒီလောက်နဲ့ ပြီးသွားလို့ "

" မပြီးဘူး အစ်ကို။ ပွဲက နောက်နေ့မှာ ပိုရှုပ်ကုန်တာ "

" ဟာ-ဘယ်လို ဖြစ်ကုန်တာလဲ "

" ကျွန်တော့် သီချင်းတစ်ပုဒ် ဗွီစီဒီ ရိုက်မယ့်ဟာ ကျွန်တော်လည်း အရင်နေ့က ခဲနဲ့ထုတာ ခံထားရလို့ မျက်နှာက ဖူးယောင်နေပြီ။ မျက်နှာက မလှတော့ မရိုက်ချင်ဘူး။ ဒါနဲ့ ဒါရိုက်တာက အကအဖွဲ့ပဲ ရိုက်မယ်ဆိုပြီး ဘုန်းဘုန်းကို ခွင့်တောင်းတယ်။ ဘုန်းဘုန်းကလည်း ရိုက်ဆိုပြီး ခွင့်ပြုလိုက်တာ ဘယ်ဟုတ်မလဲဗျာ။ သူတို့က Sexy အကတွေကို ဘုန်းကြီးကျောင်းထဲ ရိုက်တော့တာကိုး။ အဲဒီတော့မှ ဆရာတော်လည်း ဒေါကန်ပြီး ကျွန်တော့်ကို ခေါ်။ မင်း အဖွဲ့ပြန်ခေါ်သွား။ မင်းတာဝန် မင်းရှင်း ဆိုပြီး ကြိမ်နဲ့ဆော်တာဗျာ။ ဒီကြားထဲ ကျွန်တော့်အဖေကပါ ၀င်ကျွေးလိုက်တာ ကျွန်တော့်မျက်နှာ ထပ်ပြီး ဖူးယောင်ကုန်တော့တာပဲ အစ်ကိုရာ "

" မင်းဟာကလည်းကွာ။ ဆိုးလိုက်တာ "

" ဆိုးတာတော့ မပြောပါနဲ့ အစ်ကိုရာ။ ကျွန်တော်ဆို အဆိုတော် ဘ၀ပါ စိတ်ကုန်သွားတာ။ ပြီးတော့ တရားလည်း ရတယ်။ တစ်ခါတစ်ခါ ကိုယ်မှန်တယ်ထင်တာ လုပ်ပေမယ့် လက်ခံနိုင်သူတွေ လက်ခံကြသလို လက်မခံနိုင်ရင် အခုလို ကွဲပါလားလို့ သင်ခန်းစာရတယ် "

" နောက်ဆို ဆင်ခြင်ပေါ့ကွာ "

" အခုဆို အွန်လိုင်းမှာ ကျွန်တော့်ပုံတွေ တော်တော်ပျံ့နေပြီနော်။ ကျွန်တော်လည်း သိပါတယ်။ တချို့ဆို ဓာတ်ပုံနဲ့ပို့စ်တင်တာ မြောက်ကိုးရီယားက နိုင်ငံ့ခေါင်းဆောင်ပုံနဲ့လေ။ ဒီပို့စ်မှာ Like ၁၀၀၀ ပြည့်ရင် မြောက်ကိုးရီးယားက အမေရိကားကို ပစ်မယ့် ဒုံးကျည်၊ ရော့ကက်အားလုံးကို ကျွန်တော့်အိမ်ကို ပြောင်းလွှတ်မယ်တို့ ဘာတို့"

" အနုပညာရှင်နဲ့ ပရိသတ်ဆိုတာ လူနဲ့ ကြည့်မှန်လိုပဲကွ။ အပြင်ကလူက ပြုံးပြရင် မှန်ထဲကလူကလည်း ပြုံးနေမှာပဲ။ အပြင်ကလူက မဲ့ရင် မှန်ထဲကလူကလည်း မဲ့မှာပဲ။ ဖျော်ဖြေတာနဲ့ တန်ဖိုးမထားတာက သတ်သတ်စီပဲ။ ကိုယ့်ဘာသာ ဖျော်ဖြေတယ်ထင်ပြီး ပရိသတ်ကို စော်ကားသလို မဖြစ်မိအောင် ထိန်းဖို့က မင်းတို့ အနုပညာရှင်တွေရဲ့ တာဝန်ပဲ။ ပြီးတော့ မင်းတို့ခေတ်က အနုပညာ အရည်အသွေး ကျလာတယ်လို့ အစ်ကို ထင်တယ်။ အထင်ရှားဆုံး ဥပမာ တစ်ခုပေးမယ်။ မင်းစိတ်တော့ မဆိုးနဲ့ "

" ဘာများလဲ အစ်ကို "

" မင်းတို့ ဒီဘက်ခေတ် အဆိုတော်ပဲဖြစ်ဖြစ်၊ တခြား အနုပညာရှင်ပဲ ဖြစ်ဖြစ် ပရိသတ်ဆီက လက်ခုပ်သံကို တောင်းယူရတယ်။ လက်ခုပ်သံလေး ချီးမြှင့်ပါဦးတို့၊ အဆင်ပြေရင် လက်ခုပ်သံလေး ကြားချင်ပါတယ်တို့။ အဲဒါဘာလို့လဲ ဆိုတော့ ရှင်းပါတယ်။ မင်းတို့ကို နှစ်နှစ်ခြိုက်ခြိုက် လက်ခုပ်တီးမယ့်လူ ရှားလာတာကိုး။ တချို့တကယ်တီးပါတယ်။ တကယ်ကောင်းရင်၊ တကယ် ကြိုက်ရင်။ တကယ် အားပေးတာကိုး။ ဒါပေမဲ့ တော်တော် များများကတော့ ဒီနေ့အထိ လက်ခုပ်သံကို တောင်းယူနေရတုန်းပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ပရိသတ်ဆိုတာ အနုပညာရှင် ဘာလုပ်လုပ် များသောအားဖြင့် ကောင်းတယ် ထင်တာကိုး။ ဒီတော့ မင်းစိတ်မှာ နှလုံးသွင်းထားပေါ့ကွာ။ ပရိသတ်ကို စေတနာ တကယ်ထားပြီး အကောင်းဆုံး ပေးဆပ်မယ်လို့။ ပရိသတ်ကို မစော်ကားမိအောင် ၀တ်တာ၊ စားတာ၊ ပြောတာဆိုတာက အစ ဂရုစိုက်ပေါ့ကွာ။ ပရိသတ်ဆိုတာ မင်းတို့ အနုပညာ ဖြေဖျော်မှုကို နှစ်သက်လို့ အားပေးနေပေမယ့် မင်းတို့ လုပ်သမျှကို အကောင်းထင်ပြီး ကြည့်နေသူတွေ မဟုတ်ဘူးဆိုတာကိုတော့ အမြဲ နှလုံး သွင်းထားပေါ့။ အစ်ကိုကတော့ ဒီလောက်ပဲ ပြောချင်တယ်ကွာ "

ကျွန်တော့်စကားအဆုံး သာဂိ တစ်ယောက် ငြိမ်ကျသွားလေသည်။

xxxxxxxxxxxxxxxxxxxxxxxx

ထိုကာလကလေးများ၏ နောက်ပိုင်းတွင်တော့ ပြည်သူ့အချစ်တော် အဆိုတော် ဖန်ဂေါ်လီ ( သို့မဟုတ် ) ကျွန်တော်ချစ်သော သာဂိ၏ သီချင်း အလန်းများနှင့် ဖျော်ဖြေနေမှု၊ ပရိသတ်ကို လေးစားစွာ စကားဆိုမှုနှင့် ခေတ်ကို ထင်ဟပ်သော်လည်း မရိုင်းသည့် အလန်းများကို အင်တာနက်ပေါ်တွင် ကျွန်တော် ဆက်လက် တွေ့မြင်လာရသည့်အတွက် သာဂိတစ်ယောက် ပြည်သူချစ်သော အနုပညာရှင် တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နိုင်သွားပြီဟု ကျွန်တော် ယုံကြည်နေမိပါတော့သည်။          ။

သားလတ်
၁၃း၀၃ နာရီ
၁.၅.၂၀၁၃

[ ကျွန်တော့်စာ၏ ဆိုလိုရင်း ထင်ရှားစေရန် မူရင်းစကားလုံး စလုံးနှင့် သုံးသည့်အတိုင်းသုံးရသည်ကို လေးစားစွာဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။]

Saturday, April 27, 2013

" ပျင်းချက်က လန်ထွက်တယ် "



ကျွန်တော်တို့ ငယ်ငယ်က ကြားဖူးသည်။ အပျင်းပြိုင်သော ပုံပြင်အကြောင်း။ ပြိုင်ရမှာတောင် ပျင်းသည်ဆိုသော သူများ။

သည်ဘက်ခေတ်ကျတော့ နည်းနည်းပြောင်းလဲ လာသည်ထင်သည်။ ပျင်းတာကို နည်းပေါင်းစုံဖြင့် အဓိပ္ပါယ် ဖော်နေကြသည်။

တလောက ကျွန်တော်တို့ အလုပ်ထဲက မြန်မာလေးများနှင့် စကားစပ်မိပြီး ပြောကြတော့ သူတို့ အဆောင်က တချို့ပျင်းပုံကို သိရသည်။

မြန်မာတစ်ယောက်ဆိုလျှင် ပျင်းပုံကကြည့်။ အိပ်နေရင်းမှာပင် ဟိုဘက်သည်ဘက် လှည့်ရမှာ ပျင်း၍ အိပ်ပြီဆိုတာနှင့် လုံးဝ မလှည့်ပါ ဟုဆိုသည်။ ကျွန်တော်ဆို နားထောင်ရင်း ပြုံးမိသည်။ တော်တော်ပြောင် သည့်ကောင်ဟု ထင်မိ၏။

သည်တစ်ပတ်ထဲမှာ Working at Height Course for Supervisor သင်တန်းသွားတက်ရသည်။ သင်တန်းမှာ သင်တန်းဆရာက လာတက်သူတွေထဲက ဘင်္ဂလားလေး တစ်ယောက်ကို မေးခွန်း တစ်ခွန်း မေးသည်။ တကယ်တော့ သင်တန်းဆရာက ဥပမာ ထင်ရှားစေချင်၍ပါ။ သူမေးသည့် မေးခွန်းကိုကြည့်။

" မင်းက ကိုယ့်ဘာသာ သတ်သေချင်လောက်အောင် ဖြစ်နေတဲ့အချိန်မှာ မင်းကို မေးခွန်းနှစ်ခု မေးမယ်။ ကိုယ့်ဘာသာ အဆိပ် သောက်သေမလား။ ဒါမှမဟုတ် Marina Bay Sands ပေါ်က ခုန်ချပြီး သေမလား "

ကျွန်တော်တို့ ရယ်ကြသည်။ ကြည့်ဦးလေ။ သူ့ခမျာ သေတာတောင် အဆိပ်သောက်သေရန်နှင့် အထပ်ပေါင်း ၅၇ ထပ်ဖြင့် ၁၉၄ မီတာရှိသည့် တော်တော်မြင့်သည့် Marian Bay Sands လို အဆောက်အအုံပေါ်က ခုန်ချသေရန်တဲ့။

ထိုဘင်္ဂလားကြီးကြပ်ရေးမှူးကလေး စဉ်းစားရှာသည်။ ကျွန်တော်တို့က သင်တန်းဆရာ ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်သည်။ သူပြောချင်သည်က အကယ်၍ အဆိပ်သောက်သေလျှင် ခန္ဓာကိုယ် အတွင်းပိုင်းသာ ပူလောင်၍ သေလိမ့်မည်။ အပြင်ဘက်ကို ထိခိုက်မှု မရှိနိုင်။

သို့သော် Marina Bay Sands ကိုတက်၍ ခုန်ချပြီး သေလျှင်တော့ တွေးဝံ့စရာ မရှိ။ ကျိုးပဲ့ ပြတ်ထွက် ကုန်မည်။ ထို့ကြောင့် အမြင့်မှ ပြုတ်ကျသည့်အခါ မည်သည့်အရာမျှ မကောင်း။ သေချင်သည့်တိုင် အမြင့်မှပြုတ်ကျ၍ သေခြင်းက ရစရာမရှိအောင် စုတ်ပြတ်သတ်သွားနိုင်၍ ရိုးရိုးအလုပ်လုပ်လျှင်ပင် အမြင့်မှာလုပ်တိုင်း သတိပြုသင့်သည် ဆိုသောအချက်ကို ပေါ်လွင်စေချင်သောကြောင့် ထိုမေးခွန်း မျိုး  မေးခြင်းဖြစ်သည်။

ထိုအခါ ဘင်္ဂလားလေးက စဉ်းစားပါသည်။ ပြီးတော့ ဆရာက ဖြေစေချင်သည့် အဖြေကိုပဲ သူဖြေပါသည်။

" အဆိပ်သောက် သေမယ် "

ဆရာရော ကျွန်တော်တို့ပါ သဘောကျသွားသည်။ ဘင်္ဂလားလေးသည် ဆရာရှင်းပြသည်ကို သဘောပေါက်သားပဲ ဟု တွေးမိ၏။ သည်တော့ ဆရာက သူ့ဆိုလိုရင်းကို သင်တန်းသားများ နားလည်စေရန် ဆွဲ၍ မေးသည်။

" ဒါဆို မင်းဆိုလိုတဲ့ သဘောက အဆိပ်သောက် သေတာဟာ အမြင့်က ပြုတ်ကျပြီး သေတာထက် ပိုပြီး ညင်ညင်သာသာ ရှိတယ်ဆိုတဲ့ သဘောပေါ့ "

ဆရာက ထိုသို့မေးစဉ်မှာပဲ ဘင်္ဂလားလေးက အားကြိုးမာန်တက် ဖြေရှာပါသည်။

" Marina Bay က အမြင့်ကြီး။ အပေါ်တစ်ခေါက်တက်ဖို့က လွယ်တာမဟုတ်ဘူး။ အချိန် တော်တော်ယူရတာ။ တက်ပြီးတော့လည်း ပြန်ခုန်ချ ဆိုတော့ တော်တော် ပင်ပန်းတာ "

ဘင်္ဂလားလေး အဖြေကို ကြားပြီး ကျွန်တော်တို့ အရယ်ကို ရပ်လို့မရတော့။ မရပ်ဘဲ နေပါ့မလား။ သူ့အဖြေက Working at Height သင်တန်းမှာ ရှိနေသော ကျွန်တော်တို့ ဆရာ၏ ဥပမာကို တေ့တေ့ဆိုင်ဆိုင် ဆန့်ကျင်သွားသလို သေရမှာတောင် တော်တော်မြင့်၍ မတက်ချင်ဘဲ လွယ်သည့် သေနည်းမျိုးဖြင့် သေချင်သည့် သဘာဝကို သဘောကျမိ၍ပါ။

ရှေ့က ကြားဖူးခဲ့သည့် အပျင်းသမားများကြားလျှင်တော့ လက်မြှောက် အရှုံးပေးရပေလိမ့်မည်။

ခေတ်စကားနှင့် ပြောရလျှင်တော့ ပျင်းချက်က လန်ထွက်နေသည် ဟု ဆိုရမည်။               ။

သားလတ်
၂၀း၂၂ နာရီ
၂၇.၄.၂၀၁၃

Tuesday, April 23, 2013

" သင်တာလည်း သင်ပါ "



" မင်္ဂလာပါ "

ကျွန်တော့်ကို မြင်သည့် စင်ကာပူနိုင်ငံသားစစ်စစ် တရုတ်ကြီးတစ်ယောက်က တွေ့တိုင်း ထိုသို့ နှုတ်ဆက် သည်။ ကျွန်တော်ကလည်း သူ့ကို ပြန်နှုတ်ဆက်သည်။ မင်္ဂလာပါ ဟု။

ဘယ်လောက်ကောင်းပါသနည်း။ ပြီးတော့ သူက ပြောသေးသည်။ " စားပြီးပြီလား " ဟု။ " စားပြီးပြီ " ဟုလည်း သူ့ဘာသာ ဆက်ဖြေသည်။ ကျွန်တော် မဖြေရ။ ကျွန်တော် ရယ်မိသည်။ ဟုတ်သည်လေ။ သူ့ဘာသာမေး၊ သူ့ဘာသာဖြေနှင့် ဟန်ကိုကျလို့။ သူမြန်မာစကား နည်းနည်းတတ်နေပြီပဲ ဟု ကျွန်တော် အသိအမှတ်ပြုဖြစ်သည်။

သူက သူတတ်တာလေးတွေကို ကျွန်တော့်ကို ပြောပြသေးသည်။ " နေကောင်းလား " " ကောင်းတယ် " ဟုဆိုသည်။ ကျွန်တော် ရယ်မိပြန်သည်။ သူ့ဘာသာ ပြော၊ သူ့ဘာသာ ဖြေချည်းသာ လုပ်နေ၍ သဘောကျမိသည်။ နိုင်ငံခြားသား ဆိုသည်က ထိုသို့ပင်။ တခြားနိုင်ငံသား၏ စကားကို နည်းနည်းတတ်လျှင် ပြောကြည့်ချင်သည်။

ကျွန်တော်က ဘေးအန္တရာယ်ကင်းရှင်းရေး ၀န်ထမ်းတစ်ဦးမို့ ကျွန်တော်နှင့်ခင်သော ဘေးကင်းရေး ၀န်ထမ်းများက မြန်မာစကားကို သိချင်ကြသည်။ အထူးသဖြင့် စင်ကာပူနိုင်ငံသားများ။ ကျွန်တော်တို့အခေါ် စလုံးများ။

ကျွန်တော့်ကို Friend ကို ဘယ်လိုခေါ်သလဲ လာမေးသည်။ သူငယ်ချင်း ဟု ဆိုတော့ တွေ့တိုင်း သူငယ်ချင်း ဟုသာ ဆိုကြသည်။ နေကောင်းလားကိုလည်း သူတို့တတ်လွယ်သည်။ သူတို့ဘာသာ ဥာဏ်ကူ တတ်လျှင်တော့ သိပ်မပြောရဘဲ နားလည်သွားသည်။ ကျွန်တော့်ကို သူငယ်ချင်းဟု ခေါ်သော စလုံးဆိုလျှင် နောက်တစ်ခါတွေ့တိုင်း သူငယ်ချင်း နေကောင်းလား ဟု မေးတတ်သည်။ အဆင်ပြေလှ၏။

နောက် စလုံး တစ်ယောက်ကတော့ မင်္ဂလာပါ ကိုထပ်ခါတလဲလဲ ပြော၍ ကျွန်တော့်ကို နောက်တတ်သည်။ သူက စနှုတ်ဆက်၍ မင်္ဂလာပါ ဟု ဆိုသောအခါ ကျွန်တော်က မင်္ဂလာပါဟု ပြန်ဖြေလျှင် သူက မင်္ဂလာပါ ဟု နောက်တစ်ခေါက် ထပ်ပြောလေသည်။ ကျွန်တော် ရယ်ရတော့၏။ သူက စားပြီးပြီလား ကို တတ်ချင်၍ မေးသောအခါ ကျွန်တော်က သင်ပေးခဲ့၏။ ထမင်းကို ထပ်ပေါင်းထည့်ရန် သင်ပေးသောအခါ သူခေါင်းရှုပ်သွားပြီး ခေါင်းတရမ်းရမ်း ဖြစ်နေသည်ကို တွေ့ခဲ့ရကာ ကျွန်တော် ရယ်ခဲ့မိတော့သည်။

ကျွန်တော် ဂျပန်နိုင်ငံကို ခဏရောက်စဉ်က ဂျပန်လေးတစ်ယောက်က ကျွန်တော်တို့ မြန်မာစကားကို သင်ချင်သည်။ သူချစ်သော ဂျပန်မလေးကို မြန်မာလို ရည်းစားစကား ပြောချင်၍ပါတဲ့။ ငါ တို့၊ မင်း တို့ကို သင်ပေးပြီး ချစ်တယ် ဆိုသောစကားကို ပြောတတ်သောအခါ သူ့ကောင်မလေးက သူ့ထက်ငယ်၍ ညီမလေး ဆိုသော အခေါ်နှင့် ကိုကိုဆိုသော အခေါ်ကိုပါ တစ်ခါတည်း သင်ပေးခဲ့ရ၏။ သူကတော့ ဥာဏ်ပြေးသည်မို့ ကိုကို ညီမလေးကို ချစ်တယ် ဆိုသော စကားကို ကျွန်တော်တို့ မစီပေးရဘဲ တစ်ခါတည်း ရသွားလေတော့သည်။

သူ့လိုမဟုတ်ဘဲ မြန်မာပြည်က နိုင်ငံခြား ဘာသာတက္ကသိုလ်မှာ မြန်မာစာ အဓိကနှင့် ကျောင်းပြီးခဲ့သော၊ ကိုထင်ကျော် ဆိုသည့်နာမည်နှင့် ဂျပန်တစ်ယောက်ကတော့ ဂျပန်မှာ ကျွန်တော်တို့ကို ဘာသာပြန်ပြရင်း နွားမကို အခေါ်မေ့နေလေရာ သူဘာသာပြန်လိုက်ပုံကား တော်တော်လှ၏။ ကျွန်တော်တို့က မ သတ္တ၀ါဟု သတ်မှတ်သည်ကို သူက အမျိုးသမီးကိုသာ မှတ်မိပြီး မ ကို မေ့နေလေရာ နွားမကို သူခေါ်လိုက်ပုံကား နွားအမျိုးသမီး ဟူသတည်း။ ကျွန်တော်တို့ ရယ်ရသည်မှာ ရပ်လို့ကို မရတော့။

စင်ကာပူမှာ ကျွန်တော်တို့ အလုပ်ထဲက အနားဒူရေး ဆိုသော အိန္ဒိယနိုင်ငံသား အလုပ်သမားလေး တစ်ဦး မြန်မာစကား တတ်သည်ကတော့ ထူးခြား၏။ သင်ပေးရ လွယ်သည်။ မြန်မာများနှင့် အလုပ်လုပ်တာကြာ၍ သူကလည်း သင်ခိုင်းရာ သူ့နာမည်ကိုပင် မြန်မာလို ရေးနိုင်၏။ သူ့အကြောင်းကို အနားဒူရေး ဆိုသော ခေါင်းစဉ်ဖြင့် ကျွန်တော်ပို့စ်တင်ခဲ့ဖူးသည်။

သူကျတော့ မြန်မာစကား တတ်၍ ပိုခင်ဖို့ကောင်းသော်ငြား သူ့ကို သင်ပေးသူများက ဘယ်လို သင်ပေးလိုက်သည်မသိ။ ယောက်ဖ တို့၊ ငါ-မသား တို့၊ သောက်ခွက် ဖြတ်ရိုက်ပစ်လိုက်မယ် တို့ပါ တတ်သွားလေရာ ကျွန်တော်ကတော့ မကြိုက်ချင်လှပေ။ သို့သော် သူ့အမှား မဟုတ်။ ကျွန်တော်တို့ မြန်မာများ ဘက်က သင်ပေးခဲ့သူများက မသင်သင့်တာကို သင်ပေးခဲ့၍သာ ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။

တချို့စလုံးများ ကျွန်တော့်ကို ညစ်တီးညစ်ပတ် မြန်မာစကားများ သင်ခိုင်းပါသည်။ သူတို့ ကြိုက်သော မြန်မာမလေးများနှင့် ဆုံလျှင် ပြောဖို့ပါတဲ့။ ကျွန်တော် သင်မပေးပါ။ ဆဲသော စကားများ သင်ခိုင်းပါသည်။ ကျွန်တော် သင်မပေးပါ။ ငါတို့ လူရှေ့သူရှေ့မှာ အဲဒီလို စကား သုံးခဲတယ်ဟု ပြောခဲ့၏။

ကျွန်တော်နှင့် ခင်သော ဖိလစ်ပိုင်တစ်ယောက်ကတော့ ဘယ်သူသင်ပေးလိုက်သည် မသိ။ ယောကျာ်းလေး အင်္ဂါကို ချစ်စနိုးခေါ်သော အမည်ကို အလွတ်ရနေတော့သည်။ သူကသူ့ဘာသာ ရနေလျှင် ပြဿနာ မရှိသော်လည်း တစ်ယောက်ယောက်ကို နာမည်ခေါ်ပြီးတိုင်း နောက်က ထိုအမည်ကြီး ကိုပါ ခေါ်ပြီး နောက်တတ်ရာ ကျွန်တော်တို့မှာ စိတ်ဆိုးရ အခက်၊ ရယ်ရအခက်သာ ဖြစ်လို့နေတော့သည်။
ကျွန်တော့်ကိုလည်း နာမည်ခေါ်ပြီး ထိုသို့ နောက်တတ်၏။ ကျွန်တော်ကတော့ ထိုသို့ခေါ်တိုင်း တွန့်သွားတတ်၏။ ဒါမျိုးသာ ပင်နီဆူလာမှာ လာခေါ်လျှင် ခက်ရချည်ရဲ့။ အလုပ်ထဲမှာတော့ ပျင်းနေလျှင် ရံဖန်ရံခါ ရယ်ကြသည်ပေါ့။

သည်တော့ ကျွန်တော် စဉ်းစားကြည့်သည်။ လူမျိုးခြား တချို့က ကျွန်တော်တို့ ဘာသာစကားကို စိတ်ဝင်စားစွာဖြင့် မေးလာခဲ့လျှင် ကျွန်တော်တို့ မည်သို့သော စကားများကို သင်ပေးမည်နည်း။ မင်္ဂလာပါ၊ နေကောင်းလား၊ စားပြီးပြီလား စသော စကားများက ကျက်သရေ ရှိသလောက် ငါ-မသားဟု ဆဲသောစကားမျိုး၊ ယောကျာ်းလေး အင်္ဂါကို ခေါ်သော စကားမျိုးကို သင်ပေးမိလျှင်တော့ သူတို့ ဘုမသိ၊ ဘမသိပဲ ပြောပြော၊ သိသိနှင့် ပြောပြော ကျွန်တော်တို့ မြန်မာများအတွက် အကျိုးရှိစရာ မမြင်မိပါ။

ထို့ကြောင့် နိုင်ငံခြားသားများ မြန်မာစကား တတ်ချင်လျှင် သင်ချင်လျှင် သင်ပေးပါ။ သို့သော် ကိုယ့်လူမျိုး၏ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိန်းသောအားဖြင့် ကောင်းသော စကားများသာ သင်ပေးသင့်သည်ဟု အကြံပြုချင်ပါတော့သည်။             ။

ဆူးသစ်
၂၀း၅၃ နာရီ
၂၃.၄.၂၀၁၃


Tuesday, April 16, 2013

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၉ )


 +                  ထပ်တော့ပြောရပေဦးတော့မည်။ ကျွန်တော်လည်း ဘာကောင်မျှမဟုတ်ပါ။ သို့သော် ကျွန်တော့်ကို ယခု Facebook ကြီးထဲတွင် လာ၍ဖိတ်သူများကို လူမသိ၍ ဓာတ်ပုံလေးပါလျှင် လက်ခံနိုင်သော်လည်း  ဓာတ်ပုံမပါပါက ၀တ်မှုန်ရွှေရည်၊ သက်မွန်မြင့်နှင့် မိုးယုစံဆိုလည်း Sorry ပါဟုသာ ပြန်ကြားလိုပါသည်။ ကျွန်တော့်အတွက် သည်နေရာမှာ သူငယ်ချင်းအများကြီး ရှိနေဖို့ မလိုအပ်ပါ။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းများသာ ရှိနေဖို့ မျှော်လင့်ပါသည်။ ကိုယ့်ရုပ်ကိုယ်တောင် သူများ မပြချင်ဘဲနှင့်တော့ မိတ်ဆွေလာ၍ ဖွဲ့မနေပါနှင့်။ ကိုယ့်ဘာသာ ဘလော့တစ်ခုဖွင့်၍ ပို့စ်သာရေးနေခြင်းက ပိုကောင်းမည် ထင်ပါသည်။ ကိုယ့်ရုပ်ကိုယ်တောင် မပြချင်သောသူသည် သူများ အတွက် မိတ်ဆွေကောင်း ဖြစ်လာနိုင်မည်ဟုလည်း ကျွန်တော် မထင်မိပါ။ ( ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၂ ခုနှစ်)

+                      " အဲဒါနဲ့ဟယ်........ငါ့အဒေါ်က ဟိုမှာ တစ်ခါတည်းနေတော့မယ် ဆိုပြီး ငါ့ဦးလေးက
အသည်းတွေကွဲပြီး ဗိုက်တစ်လုံးနဲ့ကျန်ခဲ့တယ်။"
"ဘာ......နင့်ဦးလေးက ယောကျာ်းအရင့်အမာကြီးဖြစ်ပြီး ဘာကိစ္စဗိုက်တစ်လုံးနဲ့ကျန်ခဲ့ရတာလဲ။"
"ဟာ....ငါ့အဒေါ်ကိုလွမ်းပြီး ဘီယာတွေသောက်ပြီး ဗိုက်တစ်လုံးနဲ့ကျန်ခဲ့တာကို ပြောတာဟဲ့။"

"လွမ်းစိမ့်" ဇာတ်ကားမှ - GTC ကျောင်းသူလေးများ စကားပြော ဇာတ်ဝင်ခန်းမှ
( ဇူလိုင်လ ၂၃ ရက်၊ ၂၀၁၂ ခုနှစ် )

+                     အဖေက ကျွန်တော့်တစ်သက် နီးပါး ရှာဖွေကျွေးမွေးခဲ့သည်။ အမေက ကျွန်တော့်တစ်သက် နီးပါး ရှာဖွေကျွေးမွေးရုံမက ချက်ပြုတ်ကျွေးမွေးခဲ့ပြန်သည်။ အဖေနှင့်အမေက ကျွန်တော့်တစ်သက်မှာ သူတို့ပင်ပန်းမှုကို သားသမီးများအတွက်ဖြစ်၍ ကျေကျေနပ်နပ်ကြီး ခံစားတတ်ခဲ့ကြဟန်တူသည်။ မနေ့တစ်နေ့ကမှ စင်ကာပူရောက်ပြီး မနက်ငါးနာရီလောက်ထ၊ ညမိုးချုပ်ပြန်ရောက်တတ် သည်ကိုပင် တော်တော် ပင်ပန်းသည်ဟု ထင်မိသော ကျွန်တော်သည်ကိုယ့်ကိုယ်ကိုတော့ ရှက်မိပါသည်။ အဖေနှင့်အမေ ဖြတ်သန်းခဲ့သော ခရီးနှင့် နှိုင်းယှဉ်ပါက ကိုယ့်ခရီးက ဘာမျှမဟုတ်တာ ကိုယ့်ဘာသာ သိနေသည်ပဲ။ ( ဇူလိုင်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် )

+                       ကျွန်တော်စားနေကျ ထမင်းဆိုင်မှာ စလုံး တရုတ်လေးတစ်ယောက်က ထမင်း လာဝယ်စားသည်ကို ကြည့်ပြီး ကျွန်တော် သဘောကျမိသည်။ သူက ငါတို့အစားအစာကို ကြိုက်တာပဲဟု တွေးမိ၏။ ၀က်သားချက်ကိုစားပြီး ငါးချဉ်သုပ်ပင်ပါလိုက်သေးသည်။ စလုံးပေမယ့် မဆိုးဘူးဟု သူ့ကို မှတ်ချက်ချ လိုက်၏။ ထိုနေ့က ထမင်းဆိုင်ကအပြန်မှာ ဘတ်စ်ကားကအဆင်း ရှေ့က စလုံးတရုတ်ကြီးကို ကားဘရိတ်အအုပ်မှာ လက်နှင့် မတော်တဆ သူ့အိတ်ကိုသွားထိမိ၏။ ကားပေါ်ကဆင်းတော့ မကျေ မချမ်းနှင့် လှည့်ကြည့်ပြီး ပွစိပွစိတွေ ပြောသွားသေးသည်။ တော်တော်ဆိုးသည့်စလုံးဟု မှတ်ချက်ချမိပြန် ၏။ နောက်ဆုံးတော့ စလုံးဘာလဲဟု ပြောချင်လျှင် လူအပေါ်မှာသာ မူတည်သည်ဟုကိုယ့်ဘာသာ ခံစားလိုက်ရသည်။ စလုံးတိုင်း ကောင်းချင်မှကောင်းမည်။ ကောင်းသူနှင့်ဆိုးသူ ဆိုသည်မှာ နေရာတိုင်း မှာတော့ ရှိစမြဲဟု ကျွန်တော်နားလည်မိပြန်ပါသည်။ ( ဇူလိုင်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် )

+                    သည်နေ့အလုပ်ကအပြန် ဘူကုန်းမှ သည်ဘက်ကမ်းကိုအရောက် မိုးက သည်းကြီးမည်းကြီး ရွာသည်။ ဖိနပ်ထဲပင် ရေက၀င်၏။ ဘောင်းဘီအောက်ခြေ အားလုံး စိုရွှဲကုန်သည်။ လွယ်ထားသောအိတ်ပင် တစ်ပိုင်း စိုကုန်၏။ ထမင်းစားတော့ ဆိုင်မှာ လူကအပြည့်။ မိုးက သည်းကောင်းတုန်း။ ကားစီးပြီး အိမ်အပြန်လျှောက်လမ်းမှာ မိုးစက်တို့ ဝေ့ခနဲ လာလာစင်သည်ကို မြင်ရင်း စိတ်က မြန်မာပြည်သို့ ပြန်ရောက်သည်။ ဇနီးသည်သည် လည်းကောင်း၊ မိဘညီအစ်ကိုများသည် လည်းကောင်း အားလုံးသည် မြန်မာပြည်မိုးနှင့်အတူ စီးဝင် နစ်မျောနေလိမ့်မည်ဟု ထင်သည်။ ကိုယ်ကတော့ သူတို့နှင့် အဝေးမှာနေ၍ လာချင်သည့်အခါမှ လာသည့် မိုးနှင့်အတူ မြန်မာပြည်ကို လွမ်းရသည့် အလွမ်းရေစီးမှာ ဆက်မျောနေမိသည်။ ( ဩဂုတ်လ ၃ ရက်၊ ၂၀၁၂ ခုနှစ် )

+    ဒီနေ့ဟာ စင်ကာပူနိုင်ငံရဲ့ National Day ပါခင်ဗျား။ ဂုဏ်ပြုပါကြောင်းနဲ့ စင်ကာပူနိုင်ငံ အဓွန့်ရှည် တည်တံ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းနဲ့ အလုပ်ပိတ်ရက်ဖြစ်လို့ အနားယူခွင့်တစ်ရက်ကို ၀မ်းမြောက်စွာနဲ့ ခံစားလျက်ရှိပါကြောင်း။ ( ဩဂုတ်လ ၉ ရက်၊ ၂၀၁၂ ခုနှစ် )

+ ကိုယ့်ကိုယ်ကို သည်းခံခြင်းတရားတွေ တော်တော်ရင့်ကျက်လာပြီဟု ထင်မိသည်။ တလွဲတွေ လျှောက်မတွေးပါနှင့်ဦး။ တရားထိုင်လို့၊ အသက်ကြီးလာလို့၊ စတာတွေ တစ်ခုမျှ မဟုတ်ပါ။ မြန်မာပြည်ကို ခဏခဏ ဖုန်းခေါ်၊ မိဘတွေနှင့်ပြော၊ ဇနီးသည်နှင့် Skypeကပြော။ သည်လိုနေရင်းမှ ခဏခဏပြုတ်ကျသော ဖုန်းလိုင်း၊ ကြားရလားသာ ကြားရသော ဖုန်းလိုင်းများကို စိတ်ရှည်ရခြင်း၊ ရုပ်ပေါ်အသံပျောက်၊ အသံကြား ရုပ်ပျောက် စသည့် အင်တာနက်လိုင်းများကို စိတ်မရှည်ရှည်အောင် ထိန်းရခြင်း စသည့် သဘောတရားများကနေ တစ်ဆင့် သည်းခံခြင်းတရားကို နားလည်ထိတွေ့ရင်း ရင့်ကျက်လာတာကို ပြောခြင်းပါ။ ( ဩဂုတ်လ ၁၀ ရက်၊ ၂၀၁၂ ခုနှစ် )

ဆူးသစ်
၂၀း၅၅ နာရီ
၁၆.၄.၂၀၁၃
သင်္ကြန်အတက်နေ့ 

Monday, April 15, 2013

"ကမ္ဘာပျက် စာအုပ်"




Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကပိုကောက်ကျစ်လာတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကပိုယုတ်မာလာတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကပိုရူးနှမ်းလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကနှာထလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကလူလည်ကျလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကမိုက်လာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကတရားစကားတွေပြောလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကဆုံးမစကားတွေပြောလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကအသည်းကွဲလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကကောလဟလတွေလွှင့်လာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကစာရေးဆရာတွေလိုစာရေး လာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကမော်ဒယ်တွေလိုဖြစ်လာကြတယ်။

ဒီလိုနဲ့.......
Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
အပြင်မှာကမ္ဘာမပျက်တောင်
Facebookအထဲမှာဆယ်ဆမကကမ္ဘာပျက်နေပါရောလား။ ။

                                                                                                                                                                သားလတ်
၂၀း၃၈နာရီ
 ၁၂.၀၃.၂၀၁၃

[ ကျွန်တော့်ရဲ့ Sue Thit/ Thar Latt's Page မှာတင်ထားပြီးသား ကဗျာပါ။]

Sunday, April 14, 2013

" ရင်ထဲက မိုး "


၁၉၅၇/ မန္တလေးသင်္ကြန်
အောင်ကျော်ချမ်းအေး မန္တလေးတဲ့
အလွမ်းတေးတွေ ဆိုဖို့အစလား
ကိုငြိမ်းမောင်နဲ့ထားက တူးပို့.......တူးပို့ သီချင်းသံတွေကြားမှာ စတွေ့တယ်။

အလွှာမတူပေမယ့် မေတ္တာတူတဲ့အခါ
ချစ်လာခဲ့သူတွေဖြစ်
အလိုမယူဘဲ အပြစ်မချသူတွေရဲ့သတင်း
' နှစ်ကိုယ်တူ ချစ်သမျှ ' သီချင်းက သက်သေ
ဒါပေမဲ့...
မျက်ရည်နဲ့ခွဲခဲ့ရဖူးတယ်။

အင်တာနက်နဲ့မိုဘိုင်းမရှိတဲ့ခေတ်မှာ
ရင်နာလျက်ပဲ အငိုမဆိုင်းခဲ့ရတာက
ထာဝရခရီးအတွက် ခိုးပြေးဖို့အပျက်
ကိုငြိမ်းမောင် လူရိုးကြီးသစ္စာဖျက်လေသလား
ထား........ထား...........ထား.......လေ
' အတုမရှိကျောင်း ' မှာ အတုမရှိမေတ္တာထားလို့စောင့်ပေမယ့်
လူရိုးကြီးစန္ဒယားဆရာ ခမျာလည်း
မြခက်အမေ အသက်ကိုတစ်ခါလုဖို့
' အတုမရှိကျောင်း ' ကိုလည်း မလာနိုင်
ရောက်ပြန်တော့ ထား ထိုင်ခဲ့တဲ့ နေရာကိုငေး
' နှစ်ကိုယ်တူ ချစ်သမျှ ' တေး အပိုင်းအစ  စာရွက်တွေနဲ့
ကံကြမ္မာရက်စက်ချက်ကို ခါးစည်းခံခဲ့ရတယ်။

' ဖိတ်တဲ့သူက ဖိတ်မှတော့ 
တီးတဲ့သူက တီးရတော့မှာပေါ့ကွာ ' တဲ့
စန္ဒယားဆရာ ကိုငြိမ်းမောင်ရဲ့ အနုပညာမာနစကား
ထားရဲ့မင်္ဂလာမှာ ထားရဲ့အကြင်နာ၊ ထားရဲ့စေတနာတွေ တုန့်ပြန်ဖို့
ရင်မှာမချိပေမယ့် အနုပညာသမား ဂုဏ်ပုဒ်ကိုဆင်
ထား နားထောင်ချင်တဲ့ ' နှစ်ကိုယ်တူ ချစ်သမျှ ' သီချင်း
မေတ္တာရင်းလို့ ဆိုပြရတဲ့အခါ
( ထားရယ်......)
ကိုငြိမ်းမောင် ရင်မှာ ဘယ်လိုရှိလေမလဲ
အနုပညာသမားမှာ မာနရှိပေမယ့်
အနုပညာသမားမှာ မျက်ရည်လည်း ရှိတာပေါ့ကွယ်။

ထား က ထားသွားတဲ့အခါ
ဘ၀က ဘာမျှမကျန်တော့
ဒါပေမဲ့.....သနားစရာ မြခက် ဘဝ
ကိုငြိမ်းမောင် ကရုဏာသက်တဲ့အခါ
' အနုပညာ ပန်းတိုင် ' ကို ချီတက်မှာပေါ့ အတွေး
စန္ဒယားခလုတ်လေးတွေမှာ ပြေးဆော့လို့ ရေးတဲ့အခါ
မေတ္တာ ကမ္ဘာက တစ်ခါ သစ်ပါလေရော။

ဘ၀က တစ်ဆစ်တင် မဟုတ်ဘူး
နှစ်ဆစ် သုံးဆစ်ချိုးတဲ့အခါ
ကိုငြိမ်းမောင်အတွက် သားတစ်ယောက်ကိုချန်ပြီး လက်ပြထွက်
မြခက်တစ်ယောက် လူ့လောကကြီးကို နှုတ်ဆက်တဲ့အခါ
' သူ့အမေက အသက်ပေးပြီး မွေးသွားတဲ့ ကလေးကို
ကျွန်တော့်ရင်မှာပဲ တစ်သက်လုံး ထွေးထားပါရစေ ' လို့ပြောပြီး
သက်ထွေး လို့နာမည်ပေးခဲ့တဲ့ ကလေးရဲ့ဘဝ
စန္ဒယားဆရာ တစ်ဖြစ်လဲ အရက်သမားကြီးရဲ့ လက်ထဲမှာ
ခက်ခဲစွာ ရှင်သန်ခဲ့ရပြန်ပါရော။

စန္ဒယားဆရာရဲ့သား စန္ဒယားတီးတတ်တဲ့အခါ
သံယောဇဉ်နွယ်တစ်စကလည်း ရင်မှာရောက်
( ဒါပေမဲ့......)
ကိုငြိမ်းမောင်ရဲ့ မေတ္တာဇာတ်လမ်းအောက်မှာ ဓားစာခံဖြစ်
နွယ့်ကိုချစ်တဲ့ သက်ထွေးရဲ့အချစ်
လှစ်ခနဲတောင် မပြဖြစ်ခဲ့
သင်္ကြန်ရဲ့အဝေး နွယ်ရဲ့အဝေးမှာ
သက်ထွေးခမျာ တိတ်တိတ်လေး ကြေကွဲရတာပေါ့။

သမီး စိတ်မကောင်းဖြစ်တဲ့အခါ
မနေသာတဲ့ ဒေါ်ခင်ခင်ထား
သွားမတွေ့သင့်ပေမယ့် ကိုငြိမ်းမောင်ဆီအလာ
' ဒီနေရာက စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်တဲ့ နေရာ
မဟုတ်ဘူး ဆိုတာတော့ သိပါတယ်နော် ' ဆိုတဲ့
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းတဲ့ စကား
အသည်းကြား စူးနစ်ပေမယ့်
မိဘမေတ္တာအစစ်နဲ့ ကလေးတွေပျော်ဖို့ တွေးရင်း
' ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ' လို့ မချိဘဲ သုံးခဲ့ရ
ကိုငြိမ်းမောင် ဟီလာတိုက်တာ ခံရတာထက်
' အသုံးချဖို့ တစ်ခုခုတော့ လိုပြန်ပြီနဲ့တူတယ် '
' ခင်ဗျားအားမနာတတ်တာ ကျွန်တော်သိပါတယ် ' ဆိုတဲ့စကားတွေသာ ရင်နာလို့
မျက်ရည်ကို အပြုံးနဲ့ဖုံးရင်း
နှလုံးသားတွင်းကိစ္စတွေကို သိုဝှက်
အတိတ်တွေ ရောယှက်နေတဲ့ အိမ်ဘက်က ပြန်ခဲ့တယ်။

ရိုးသားတဲ့ ဖခင်ရဲ့သား
ဖခင်စကားကို တစ်သဝေမတိမ်း နားထောင်တဲ့လူ
ဖခင်သဘောမတူရင် ခြေဦးမလှည့်
နွယ်တို့ သင်္ကြန်ပွဲဘက်ကို မျက်နှာချင်းမဆိုင်
ငိုင်လိုငိုင် ဆွေးလိုဆွေး
သင်္ကြန်တေးတွေကြားက အလွမ်းသမားဘဝ
နွမ်းလျလို့ အိမ်ပြန်တဲ့အခါ
ဖခင်ရဲ့အရက်ပုလင်းက ရင်နာပြေလောက်မလား
တစ်ခွက်လောက်တော့ သောက်မော့ကြည့်မိတယ်။

ဖခင်ရဲ့ အကြင်နာ စေတနာ
အရက်သမား သား၊ အရက်သမား မဖြစ်ရဘူး ဆိုတဲ့ အကြည့်မျိုး
ကိုငြိမ်းမောင် ဒေါနဲ့ပျိုးလေတော့
မျက်ရည်မိုးတွေကြားက အနုပညာသည်ပေါက်စ သက်ထွေးရဲ့စကား
' အရက်သမားရဲ့သား အရက်သောက်တာ မဆန်းပါဘူး အဖေ 
အနုပညာသမားရဲ့ သား အနုပညာ ပြခွင့်မရတာသာ ဆန်းတာပါ 'ဆိုတဲ့ အပြော
ကြည့်ပါဦး.........ကိုငြိမ်းမောင် အူလှိုက်သည်းလှိုက် မောရပြီပေါ့။

နောက်ဆုံးတော့.........
မိဘမေတ္တာလေ
ချစ်ခြင်းရဲ့ ပြယုဂ်လေ
အတိတ်တွေကို ချေဖျက်
သက်ထွေးရေ-မင်းဘ၀ အပျော်နဲ့ဆက်ဖို့
ကိုငြိမ်းမောင် အမှန်တရားတွေမြင်
အနုပညာသမားရဲ့ အနုပညာဂုဏ်ကို ပြချင်ပြ
သင်္ကြန်ရဲ့ ညကို လှပပါစေ
သွားလေတော့ ခွင့်ပြု
' နွေဦးကဗျာ ' မဏ္ဍာပ်နားမှာ မေတ္တာတွေ စုထားတဲ့ အကြည့်
ထားကတော့ မြင်မိအောင် မြင်တယ် ကိုငြိမ်းမောင်။

ဟိုမှာ နွယ်က ပိတောက်ဖူးလေးနဲ့ ကတယ်
ဒီမှာ သက်ထွေးက ကြည်နူးပြုံးနဲ့ တီးတယ်
' တန်ခူးမည်မွတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး ' ဆိုတဲ့ အလှပြကားပေါ်ကနေ
' သင်္ကြန်မိုး ' သီချင်းကို ကိုလတ်က ဆိုတယ်
ထားက ၀မ်းသာတဲ့ အပြုံးနဲ့ ခံစားတယ်
ကိုငြိမ်းမောင်က ပီတိနဲ့ ငေးတယ်
အဲဒီလိုနဲ့.........
အနုပညာ၊ ချစ်ခြင်း၊ မိဘမေတ္တာတွေ အမှန်တိုးတော့
' သင်္ကြန်မိုး ' တဲ့လေ
သင်္ကြန်ကျတိုင်း ကျွန်တော့်ရင်မှာ အငြိုးနဲ့ ခဏခဏ ရွာနေတော့တယ်။           ။

သားလတ်
၁၉း၄၃ နာရီ
၁၄.၀၄.၂၀၁၃
သင်္ကြန်အကျနေ့

[ မည်သည့်အချိန်၊ မည်သည့်နေရာ ရောက်ရောက် သင်္ကြန်ကျတိုင်း ပြန်ခံစားမိသည့် ' သင်္ကြန်မိုး ' ရုပ်ရှင်ဇာတ်ကားကြီးကို ခံစားပြီး ရေးပါသည်။ " ပရိသတ် အပေါ် အနုပညာတာဝန် ကျေပွန်ခဲ့ကြသော ဂီတ သုခုမ ပညာသည်များအား လေးစား ဂုဏ်ပြုလျက် " ဟု ဆရာမောင်တင်ဦး ဆိုခဲ့သည့် အတိုင်း ကျွန်တော်ကြိုက်သည့် ' သင်္ကြန်မိုး ' ရုပ်ရှင် ဇာတ်ကားအတွက် ပါဝင်ခဲ့ကြသော ဂီတသုခုမ ပညာသည်များ၊ အနုပညာရှင်များ အားလုံးအတွက် မြန်မာတစ်ယောက် အနေနှင့် ခံစားမိသော သင်္ကြန်ပွဲတော်နှင့် ပတ်သက်သည့် အနုပညာ အားထုတ်မှုများအတွက် ကျေးဇူးတင်သည့်အနေဖြင့် ကျွန်တော်တတ်ကျွမ်းသော စာပေအနုပညာဖြင့် ဂုဏ်ပြုပါသည်။ ]




Saturday, April 13, 2013

" ရန်ကုန်ကို ပြန်ဆုံရတဲ့အခါ " ( ၇ )


 ရန်ကုန်ပြန်ရောက်နေသည့်ခဏမှာ သတိထားမိသည်က မီးပုံမှန်လာနေခြင်းပင်။ မြို့ထဲဘက်မို့လာနေတာ မဟုတ်။ ဒဂုံဘက်လည်း ပုံမှန်လာသည်။ ဆောင်းကတော့ ထူးထူးခြားခြား ဖြစ်လောက်အောင် အေးမြခြင်း မရှိ။ ရန်ကုန်မြို့ကြီးသည်ကား အပူ၏ ဒဏ်ကို ရုပ်ပျက်ဆင်းပျက်ခံနေရတာ သိသာသည်။ လူနေတိုက်ခန်းများ များလာပြီး အဲကွန်းများ အသုံးများလာခြင်းနှင့် နာဂစ်မှာ သစ်ပင်များစွာ ပါသွားခြင်းတို့သည် ရန်ကုန်၏ အပူကို ထပ်ဆင့်ပေးနေသလို ရှိသည်ဟု ကျွန်တော်ထင်သည်။

ကျွန်တော်နေသော အိမ်ခန်းမှာ ညဘက်သည်အတိုင်းနေလိုက်လျှင် တော်တော်အိုက်သည်။ ထို့ကြောင့် ကျွန်တော် အဲကွန်းလေးတစ်လုံး ကြိုးစား၍  တပ်ကြည့်သည်။ အဲကွန်းတပ်ရသည်က ဘာမျှမဖြစ်။ ဖြစ် သည်က လာဆင်သော ကောင်လေးများကြောင့် စင်ကာပူမှာ ဘေးအန္တရာယ်ကင်းရှင်းရေး ၀န်ထမ်း လုပ်နေသော ကျွန်တော့်အတွက် တော်တော် အသည်းယားစရာ ကောင်းလှသည်။

ကျွန်တော့်အခန်းကို အဲကွန်းတပ်ဖို့အတွက် လိုအပ်သော Outdoor Unit သည် အိမ်ခန်းအပြင်မှာ ဆင်မှရမည်။ ထို့ကြောင့် Outdoor Unit ထိုင်ရန် အောက်ခံထောက်ထည့်ဖို့ နံရံကို အပြင်ကနေ ဖောက်ရသည်။ ၀န်ထမ်း နှစ်ယောက်မှာ တစ်ယောက်က အထဲမှာ လေအေးပေးစက် ဆင်နေတုန်း နောက်တစ်ယောက်က ပြူတင်းပေါက်ကနေကုန်း၍ အောက်ကိုငုံ့ကာ အပေါက်ဖောက်သည်။ မတော်တဆ အောက်ပြုတ်ကျလျှင် မလွယ်၍ ကျွန်တော်က သူ့ခါးကို ဆွဲပေးထားသည်။

စင်ကာပူမှာဆို သည်လိုမဟုတ်။ သိုင်းကြိုးပါမည်။ ထိုသိုင်းကြိုးကို ငုတ်တစ်ငုတ်မှာ ချိတ်၍ အလုပ်လုပ်ရသည်။ ယခုတော့ ကျွန်တော့်အိမ်က အဲကွန်းတစ်လုံးကို ဆင်ဖို့ သူတို့အသက်နှင့် ရင်းနေတာ ကြည့်၍ ကျွန်တော် စိတ်မကောင်း။ သို့သော် ကျွန်တော်လည်း ခါးကို ဆွဲထားရုံက လွဲ၍ ဘာမျှလုပ်မပေးနိုင်။

သည်လိုနှင့် အောက်ခံထောက် ပြီးသွားတော့ ထို Outdoor Unit ကို ထောက်ပေါ်တင်ပြီး အထဲကလာသော Gas Line နှင့်ဆက်ရန် နံရံကို အပေါက်ဖောက်၍ ဆက်ရသောအခါ သူတို့တစ်တွေ ထိုထောက်တပ်ထားသော Outdoor Unit ပေါ်မှာ ကျကျနန ထိုင်ပြီးလုပ်သောအခါ ကျွန်တော် ရင်မနေရပြန်သည်။

သူတို့ကတော့ ပြောသည်။ ကျွန်တော်တို့ ဒီလိုပဲ လုပ်နေကျတဲ့။ ပြီးတော့ ဘေးဘက်အိမ်က အိမ်ခေါင်မိုးက ကျွန်တော်တို့ အောက်မှာ ရှိသားပဲတဲ့။

သူတို့ ဆိုလိုသည်ကို ကျွန်တော်နားလည်သည်။ ပြုတ်ကျတောင် မြေကြီးပေါ် မရောက်ဘဲ သူများအိမ်ခေါင် မိုးပေါ် ကျမှာဟု ဆိုလိုသည့် သဘော။ အိမ်ခေါင်မိုးပေါ်လည်း မနာဘဲ နေမလားဟု ကျွန်တော်တွေးသည်။ သူတို့ဘ၀မှာ ခေါင်မိုးပေါ် ပြုတ်ကျတာထက် နာတာတွေများ ရှိနေလားမသိ။

ရန်ကုန်မှာရှိနေတုန်း အားသည့်တစ်ရက်မှာ ကျွန်တော့်သူငယ်ချင်းနှင့် ချိန်း၍ ပြန်ဖွင့်နေသည် ဆိုသည့် ကျွန်တော်တို့၏ ရန်ကုန်စက်မှုတက္ကသိုလ်( ရန်ကုန်နည်းပညာ တက္ကသိုလ် ) သို့ သွားခဲ့ကြသည်။ သူငယ်ချင်းက ကားရှိသောကြောင့် ကျွန်တော့်ကို ရှစ်မိုင်လမ်းဆုံက လာစောင့်သည်။ သူ့မိသားစုလည်း ပါ၏။

ကျောင်းရောက်တော့ လှည့်ပတ်ကြည့်ရင်း ကျောင်းသားဘ၀ကို ပြန်သတိရသည်။ သို့သော် အရွယ်၏ပိုင်းခြားမှုကြောင့်လား၊ အချိန်ကာလ ဝေးကွာခဲ့၍လား မဆိုနိုင်။ စိတ်က သိပ်ထူးထူးခြားခြား မဖြစ်တော့။ သူငယ်ချင်းက ကျွန်တော့်ကို မေးသည်။ ဘယ်လိုခံစားရလဲတဲ့။ သူငယ်ချင်းများ အုပ်စုလိုက်လာပြီး ဟေးလား၊ ဟားလား လုပ်ရလျှင်တော့ ယခင်က ပျော်ရွှင်မှုမျိုး ပြန်ရလိမ့်မည် ထင်သည်ဟု ဖြေခဲ့သည်။ ခွဲခွာခြင်း နှင့် အချိန်ကာလ၏ သဘောကို ကျွန်တော်တို့ နားလည်ခဲ့ပြီ မဟုတ်လား။

ချုံပုတ်များနှင့် ပိတ်အုပ်နေသော အချို့နေရာများ၊ ဟောင်းနွမ်း၍ မသုံးတော့သော အဆောက်အအုံများ၊ ပြန်လည်မွမ်းမံနေသော အချို့နေရာများ၊ ဆရာကန်တော့ပွဲ လုပ်မှာမို့ ပြင်ဆင်နေ မှုများ အားလုံးကို ငေးကြည့် ဓာတ်ပုံ မှတ်တမ်းလည်း တင်ကာ ပြန်ခဲ့ကြသည်။ အဖြူအပြာ ယူနီဖောင်းဝတ် ကျောင်းသူကျောင်းသား ကလေးများကို မြင်တော့ ကျွန်တော့်စိတ်ထဲမှာ ကလေးတွေကို မြင်နေရသလိုပင်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသော အရွယ်၏ အနေအထားကို သတိတော့ ပြုမိလာ၏။ တစ်ချိန်က ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများက ယခု ရန်ကုန်နည်းပညာ တက္ကသိုလ် ကျောင်းသားလေးများကို ကလေးဟု မြင်မိသော အရွယ်ကို ကျွန်တော်တို့ ရောက်ခဲ့ပြီပဲ။

ရန်ကုန်မှာ ရှိတုန်း ကျွန်တော်လုပ်မိတာ တစ်ခုက ကျွန်တော်၏ ကိုယ်ပိုင်စာမျက်နှာ ဆူးသစ်/ သားလတ် ကို Facebook တွင် ကျွန်တော်ဖွင့်ခဲ့ခြင်းပင်။ ကျွန်တော်ဘလော့တည်ပြီးကတည်းက ကျွန်တော့်ဘလော့ကို လာဖတ်ကြသူများကို သတိထားမိသည်။ တချို့ကလည်း အလည်လာသည်။ တချို့ကလည်း တကယ်ကို လာဖတ်သည်။ သည်အတွက် ကျွန်တော့်စာများကို လာဖတ်သော ပရိသတ်အတွက် ကျွန်တော့်စာများကို သီးခြားဖတ်နိုင်ရန်နှင့် သူတို့နှင့်လည်း သီးခြားထိတွေ့နိုင်ရန် ရည်ရွယ်ပြီး စာမျက်နှာ တစ်မျက်နှာ ဖွင့်လိုက်ခြင်းပင်။

ရန်ကုန်မှာ ရှိနေစဉ်အတွင်း နောက်တစ်ခု ကြုံလိုက်ရသည်က ကမ္ဘာပျက်မည် ဆိုခြင်းပင်။ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပျက်မှာဟု ဆိုသည်။ ကျွန်တော်လည်း ဇနီးသည်ရုံးကို လိုက်ကာ အင်တာနက်သုံး၍ စိတ်ပေါက်ပေါက်နှင့် ကမ္ဘာမပျက်သေးသည်ကို ရွဲ့ပြီး Status တင်မိသေးသည်။ ကမ္ဘာက Facebook ပေါ်မှာသာ ပျက်နေပြီး အပြင်မှာ ပျက်မှမပျက်သည်ပဲ။

သည်ကြားထဲ မြန်မာပြည် အင်တာနက်က ကျွန်တော်နှင့် တစ်ပြဿနာ။ မြန်မာပြည်မှာ ရှိစဉ်ကတည်းက ကျွန်တော်လည်း ထိုအခက်အခဲတွေ ကြုံခဲ့ဖူးသည်။ သို့သော် ထိုမျှ မဆိုးဟု ထင်သည်။ ယခုတော့ ကြည့်ပါဦး။ ကျွန်တော် Facebook ကြီးသုံးနေရင်း သူ့ဘာသာတက်မလာသည်ကိုပင် Facebook ကိုစာလုံးပေါင်းမှားသလား ပြန်စစ်ပါ ဟုဆိုနေသည်။ ရှိစေတော့။

ကျွန်တော် ရွှေတိဂုံဘုရားကို ဒုတိယတစ်ခေါက် အဖြစ် မပြန်ခင် ထပ်တက်ပါသည်။ ဘယ်အချိန်၊ ဘယ်နေရာ ရောက်ရောက် ဘုရားစေတီကို ရောက်ရခြင်းမှာ ကျွန်တော်တို့အတွက် အေးမြမှုကို ရစေသည်ကတော့ အမှန်ပင်။

ထို့ပြင် ရန်ကုန်ရောက်ခိုက် ကျွန်တော်အိမ်တက် လုပ်ပါသည်။ မိသားစု ဆွေမျိုးနှင့် သူငယ်ချင်းတချို့ကို ဖိတ်ဖြစ်ပါသည်။ သူတို့ထဲက တချို့က အိမ်သစ်ဖြစ်၍ လက်ဆောင်လေးတွေ ယူလာပေးကြသည်။ ရန်ကုန်မှာ ထိုဓလေ့တစ်ခုက နည်းနည်း ပြောင်းလဲလာသည်ဟု ကျွန်တော်ထင်မိသည်။ ကျွန်တော်ပင် အံ့အားသင့်ကာ မေးမိသေးသည်။ ဟုတ်သည်တဲ့။ ရန်ကုန်မှာ ယခုနောက်ပိုင်း အိမ်တက်လုပ်လျှင် ထိုသို့ အိမ်မှာ သုံးနိုင်၊ ချိတ်နိုင်၊ ပြနိုင်သော လက်ဆောင်လေးများ ပေးတတ်ကြသည်တဲ့။ မှတ်သားရ ပြန်သည်။ ကျွန်တော်ကိုက ခေတ်နောက်ကျ၊ ခေတ်နှင့် အဆက်အသွယ်ပြတ် နေတာပဲ ဖြစ်မည်ထင်ပါသည်။

ပြန်ခါနီးမှာ ဇနီးသည်နှင့် လှည်းတန်းမှာ ငါးကင်ဆိုင်သွားထိုင်ဖြစ်သေးသည်။ ယခုတော့ ထိုဆိုင်များ တော်တော်ပေါနေသည်။ စာရေးဆရာတို့၏ စွဲလမ်းသည့်လှည်းတန်း။ ဘယ်သော အခါမျှ ပြောင်းလဲမည် မဟုတ်။ လူစည်ကား မပျက်။

ငါးကင်က ဇနီးသည် အကြိုက်မို့ ကျွန်တော်က မငြင်း။ တကယ်လည်း ကောင်းသည်။ ပြီးတော့ ကျွန်တော်နှင့် သူစားနေကျ သင်္ဘောသီးထောင်းနှင့် ကြက်ဥကင်ဆိုင်။ ဇနီးသည်က သူ့သူငယ်ချင်း အိမ်နားမှာမို့ သူ့သူငယ်ချင်းနှင့်သူလည်း စကားပြောဖြစ်ကြသည်။ ဆိုင်ကလေးက လမ်းဘေးဆိုင်လေး ဖြစ်သော် လည်း ရောင်းအားက ကောင်း၏။ တိုက်လှေကားရင်းမှာ ရောင်းတာကြောင့် နေရာလွတ်ရှိမှ ၀င်ထိုင်ရသည်။ ထိုင်ပြီး တော်တော်ကြာမှ ကျွန်တော် သိတော့သည်။ ကျွန်တော့်နားက သံတိုင်စည်းရိုးသည် အထဲက Transformer ကို ရံထားသော ခြံစည်းရိုးပင်။ ဘေးအန္တရာယ်ကင်းရှင်းရေး ၀န်ထမ်း တစ်ယောက်က Transformer ခြံစည်းရိုးနားမှာ ထိုင်ပြီး အစားသောင်းကျန်းနေသည်ကို စင်ကာပူက ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များ မြင်လျှင် ဘာများပြောလိမ့်မလဲဟု စဉ်းစားကြည့်မိသေးသည်။ ကျွန်တော် ချစ်သော မြန်မာပြည်မှာကိုး။

ကျွန်တော် စည်းရိုးတိုင်ကို မမှီဖြစ်သော်လည်း ဆိုင်က စားသုံးသူများအတွက် မသင့်တော်သည်ကို သတိပြုမိကာ ဇနီးသည်နှင့် အစားအသောက်ကို လက်စသတ်ကာ ပြန်ခဲ့တော့သည်။ ကျွန်တော် တို့ပြန်တော့ ညဘက်မို့ ထင်ပါသည်။ လှည်းတန်းလမ်းဆုံသည် ကား သည်လောက် မကျပ်တော့။ နာမည်ကျော် ခုံးကျော် တံတားကြီးကို ဆောက်လက်စမို့ သေသေချာချာ မမြင်ရသော်လည်း ကျွန်တော် ကြည့်တော့ ကြည့်ဖြစ်ခဲ့ပါသေးသည်။

သည်လိုနှင့် နောက်ဆုံးတော့ ကျွန်တော် အလုပ်လုပ်ရာ စင်ကာပူကို ပြန်ခဲ့ရတော့သည်။ သည်တစ်ခေါက် ရန်ကုန်ကို ပြန်ဆုံရခြင်းမှာ ကျွန်တော့်အတွက် ကဗျာရေးစရာ ခံစားချက်နှင့် အကြောင်းအရာ စုံသွားသောကြောင့် အောက်ပါ ကဗျာကို ချရေးဖြစ်ခဲ့ပါသည်-


ဆောင်းတဲ့........
ငွေ့ငွေ့လေး အသက်ကျန်သလို
တစ်ကိုယ်စာ ချမ်းဖို့တောင် အအေးမရှိတဲ့ ညနဲ့
ရန်ကုန်ကို ပြန်ဆုံခဲ့ရတယ်။

ကားတွေများ၊ လမ်းတွေကျပ်
တံတားတွေ အထပ်ထပ်ထိုးတော့မယ့် ရန်ကုန်
ဘတ်စ်ကားကျပ်ပုံက မပြောင်းလဲ
ဟောင်းနွမ်းဆဲ အကျင့်တွေလည်း မပစ်ပယ်
( ဒါပေမဲ့......)
ရန်ကုန်ကိုတော့ ကျွန်တော်ချစ်တယ်။

လမ်းပေါ်မှာ ကားပေါ်က အမှိုက်ပစ်ချ
မြင်သမျှနေရာ ကွမ်းတံတွေးထွေး
လရောင်ဝေးနေတဲ့ မြို့ပြမှာ 
လျှပ်စစ်မီး ပုံမှန်လာတဲ့အခါ အိပ်မက်တွေဖြစ်
ခရစ်နှစ်သစ်ကို ဆန္ဒတွေပြရင်း ဖွင့်လှစ်တာ
ကျွန်တော်ချစ်တဲ့ ရန်ကုန်မှာပေါ့။

ဂျေဆင်မရပ်ဇ်တဲ့
သိသူ မသိသူတွေ တရစပ် အော်ဟစ်
ပြည်သူ့ရင်ပြင်မှာ ပါးစပ်သေနတ်တွေ ပစ်လို့
ရန်ကုန်မှာ အသစ်အသစ်တွေ ဖြစ်လာတယ်။

ရုံးခန်းရှေ့ထားတဲ့ ဖိနပ်
အနော်ရထာလမ်း ဈေးကွက်မှာ မြတ်ချင်မြတ်မှာပေါ့
All Star တစ်ရံ ပျောက်ပြီးတဲ့နောက်မှာ
သဘောထားအမှန်တချို့ကို ကျွန်တော် မှတ်ခဲ့ရ
လုံခြုံရေး၊ သန့်ရှင်းရေး တာဝန်ချထားတဲ့ အဆောက်အအုံကြီး
ဟည်းထနေပေမယ့် အတွင်းစိတ်တွေ မသန့်ရှင်းလေတော့
Converse ဖြစ်နေတဲ့ လူတွေအကြောင်း Converse ရင်းပြီး သိရတဲ့အခါ
ရန်ကုန်ဟာ ကဗျာမဆန်တော့ပြန်ပါဘူး။

ဆိုက်ကားပေါ်က ကင်မရာကိုင် သတင်းထောက်
Banner ကိုင်ထားတဲ့ ဆန္ဒပြသမား
ခပ်လှမ်းလှမ်းက ပါလာတဲ့ ကားတစ်စီး
အဲဒါတွေက ရန်ကုန်ရဲ့ ရှုမငြီးစရာလား
သွားရင်းလာရင်း ခပ်ပါးပါးလေးတော့ တွေ့တယ်။

သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ည
ဂီတသံက မကျယ်တော့ဘူး
ဘောပွဲ၊ ရုပ်ရှင်တွေကို မူးလောက်အောင်ပြလည်း
ညလုံးပေါက်ဆိုင်တောင် လူကကျဲလို့
ရန်ကုန်ဟာ မနက်ခင်း ရပ်တည်မှုရဲ့ သားကောင် ဖြစ်လာခဲ့ပြီ။

သန်းခေါင်ညမှာ ပန်းရောင်းနေတဲ့ အသက်မပြည့် ကလေးမ
တိုက်ခန်းတွေပေါ်က သားသားနားနား ညဥ့်ငှက်မတချို့နဲ့
စားသောက်ဆိုင် စင်တင်ဂီတရပ်ဝန်းက စပွန်ဆာရှာတဲ့ ကောင်မလေး တချို့ကလည်း
ရန်ကုန်ညရဲ့ ပသာဒလိုဖြစ်
ဒီလိုနဲ့...ရန်ကုန်ဟာ တဆစ်ဆစ် ကိုက်ခဲနေတုန်းပါပဲ။

လူမပြည့်ဘဲ ပြနေတဲ့ 3D ရုပ်ရှင်ရုံ
နိုင်ငံတော်အလံကို အလေးပြုဖို့ သတိပေးရတဲ့ ကျွန်တော်တို့ ဓလေ့
ကမ္ဘာမကြေ.......မြန်မာပြည် ဟေ့ လို့ သီချင်းထဲမှာပဲ ကြွေးကြော်
နိုင်ငံခြားနဲ့ နိုင်ငံခြားသား ညှော်နံ့တွေလည်း နံစော်လို့
နိုင်ငံတော် သီချင်းဆုံးအောင်တောင် မတ်တတ်မရပ်နိုင်တဲ့ လူတွေနဲ့
နိုင်ငံခြားပုံစံ မောလ် ( Mall )  တွေကြား
ကျွန်တော်ချစ်တဲ့ ရန်ကုန်က အမောတွေနဲ့ ဖျားနေခဲ့သေးတယ်။

ပြောင်းလဲခြင်း တရားတွေကြားက
ပြောင်းလဲသင့်သလောက် မပြောင်းလဲသေးတဲ့ ရန်ကုန်
နောက်တစ်ကြိမ် ပြန်ဆုံရင် အသစ်ဖြစ်
စနစ်သစ်၊ ခေတ်သစ်၊ လူသစ်၊ စိတ်သစ်နဲ့ ရှင်သန်
မနက်ဖြန်တိုင်းရဲ့ အလှတရားကို မွေးဖွားဖို့ တွေးမိတဲ့အခါ
( ကျွန်တော်ဟာ...)
ရွှေတိဂုံပေါ်မှာ အပြေးကလေး ဆုတောင်းခဲ့မိပါတယ်။

အို-ရန်ကုန်.......
ပြန်ဆုံတဲ့အခါ လှပနေပါစေကွယ်။
အို-ရန်ကုန်
ပြန်ဆုံတဲ့အခါ လှပနေစေချင်တယ်။         ။

ကျွန်တော့်စိတ်ထဲမှာ ရန်ကုန်ကို နောက်တစ်ခါ ပြန်ဆုံရသည့်အခါ တကယ်ကို လှပနေစေချင်ပါသည်။        ။

ဆူးသစ်
၂၀း၀၁ နာရီ
၁၂.၀၄.၂၀၁၃
သင်္ကြန်အကြိုနေ့


Related Posts Plugin for WordPress, Blogger...